စစ်ရေးပစ်မှတ်ထက် အရပ်သားပစ်မှတ် ပိုမို များပြားလာ

By Spring
24 October 2023
စစ်ရေးပစ်မှတ်ထက် အရပ်သားပစ်မှတ် ပိုမို များပြားလာ

စစ်ရာဇဝတ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးနဲ့ ရန်ကုန်တိုင်းမှာ ၂၀၂၃ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း အရပ်သား ၄၇၃ ဦး သေဆုံးခဲ့ကြောင်း ပဉ္စမဏ္ဍိုင်အဖွဲ့ (PMCSG) က အောက်တိုဘာ ၂၃ ရက်ကအစီရင်ခံစာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား ၄၃၅ ဦးနဲ့ အမျိုးသမီး ၃၈ ဦး ပါဝင်ပြီး၊ အဲဒီအထဲမှာ ၁၈ နှစ်အောက် ၃၁ ဦးပါဝင်ပါတယ်။

ဒီလေးလအတွင်း လူ ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် အသတ်ခံရမှု ဖြစ်ရပ် ၁၁ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ခြောက်ခုနဲ့ ချင်းပြည်နယ်မှာ ငါးခုဖြစ်ပြီး အမျိုးသား ၁၆၃ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီဖြစ်ရပ်တွေကို အာဏာသိမ်း စစ်ကောင်စီတပ်နဲ့လက်အောက်ခံ ရဲတပ်ဖွဲ့၊ ၎င်းတို့ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့များအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့-PDF များ၊ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့-LPDF များနဲ့ အခြားအမည်မခံ လက်နက်ကိုင်အဖွဲ့အစည်းတို့က ပါဝင်ပတ်သက် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပဉ္စမမဏ္ဍိုင်(PMCSG) ရဲ့ ဒုတိယအကြိမ် သုတေသန စစ်တမ်း ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို တိုင်းနဲ့ပြည်နယ် လေးခုအတွင်း မှတ်တမ်းကောက်ယူတဲ့အခါ စစ်ကောင်စီတပ်က ၄၀၅ ကြိမ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အကြိမ် ၈၀ နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုက ၄၄ ကြိမ် ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ကျူးလွန်ခဲ့တဲ့ ၄၀၅ ကြိမ်မှာ အရပ်သားပစ်မှတ် ၃၄၄ ကြိမ်နဲ့ စစ်ရေးပစ်မှတ် ၆၁ ကြိမ်ရှိပြီး စစ်ရာဇဝတ်မှု ၂၀၅ ကြိမ်၊ လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၂ ကြိမ်၊ ရာဇဝတ်မှု ၂၇ ကြိမ် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ပဉ္စမဏ္ဍိုင်အဖွဲ့ဟာ ဒီအစီရင်ခံစာကို မြေပြင်ကွင်းဆင်းပြီး သတင်းအချက်အလက် ကောက်ယူတာ၊ ယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ အချက်အလက်တွေကို ကိုးကားတာ၊ ပြစ်မှုကျုးလွန်ခံရသူတွေရဲ့ မိသားစုတွေကို အွန်လိုင်း ဒါမှမဟုတ် ဖုန်းနဲ့ကိုယ်တိုင် ဆက်သွယ်မေးမြန်းပြီးမှ ပြုစုခဲ့တာလို့ ဆိုပါတယ်။

အလားတူ စစ်ကောင်စီတပ်တွေဟာ လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သား ပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲခြားဘဲ ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေမှာ ဓာတု လက်နက်သုံး တိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။

ပဉ္ဇမ မဏ္ဍိုင်- PMCSG ရဲ့ ဒုတိယအကြိမ် သုတေသန စစ်တမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များအနက် သေဆုံးမှု၊ ထိခိုက်မှု၊ ဖမ်းဆီးခံရမှုများအပြင် ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့တာကို တွေ့ရှိရပြီး အဆောက်အဦးနဲ့ စစ်ရှောင်တဲတိုက်များ၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦး၊ ဆန်စက်၊ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာနဲ့ တိရစ္ဆာန် များစွာလည်း ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်များအရ ၇၆ ရာခိုင်နှုန်းကျော်မှာ အရပ်သားပစ်မှတ်များ ဖြစ်နေပြီး ကျန် ၂၃ ရာခိုင်နှုန်းကျော်သာ စစ်ရေးပစ်မှတ်များ ဖြစ်တာကို ကြည့်ရင် ယင်းစောင့်ကြည့် ဧရိယာအတွင်းရှိ အရပ်သားတွေဟာ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ ပြဿနာတွေကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေကြရတာကို တွေ့ရမှာဖြစ်ကြောင်း ပဉ္စမမဏ္ဍိုင်(PMCSG) က သုံးသပ်ထားပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly