ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မသိမ်းပိုက်မီ၊ အောင်ဂျာစစ်တပ်စခန်းရှိ စစ်သားများကို စစ်ကောင်စီက လေကြောင်းမှ ချပေးခဲ့သည့် ရိက္ခာထုပ်မှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က ရိက္ခာများဖြစ်နေသည်ဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သူ၏လူမှုကွန်ရက်တွင် အောက်တိုဘာ ၂၃ ရက် ညပိုင်းက ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
ကချင်ပြည်နယ် အောင်ဂျာဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်မြေပြင်သို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အောက်တိုဘာ ၂၃ ရက်တွင် သွားရောက်ကာ စစ်မြေပြင်ရှိ ရဲဘော်များကို သွားရောက်အားပေးခဲ့ခြင်းဖြစ်သည်။
"ကိုယ့်ရဲဘော်တွေကို အားပေးဖို့ သွားတာ၊ စကစ လေကြောင်းကနေ ချပေးတဲ့ ထမင်းကြော်ထုပ်ရဲ့ နေ့စွဲမှတ်တမ်းကို ကြည့်တော့ ၁၈ - ၂ - ၂၀၂၁ တဲ့။ ဒီ ထမင်းကြော်ထုပ်ရရှိခဲ့တဲ့ စကစ စစ်သည်(နောက်ဆုံးအချိန်မှာ) ဘယ်လိုများ ခံစားခဲ့ရမလဲလို့ အပြန်ခရီးမှာ တွေးနေမိပါတော့တယ်”ဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က အတွေးဆိုသည့် ခေါင်းစဉ်ဖြင့် သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
အောင်ဂျာစစ်တပ်စခန်းကို အောက်တိုဘာ ၂၀ ရက်တွင် KIA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့မသိမ်းပိုက်မီ တရက်အလိုတွင် အောင်ဂျာစစ်စခန်းရှိ စစ်သားများကို စစ်ကောင်စီက လေကြောင်းမှတဆင့် ရိက္ခာများ ချပေးခဲ့သည်။
အောင်ဂျာစခန်းကို KIA က ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီ၏ ထောက်ပို့ရိက္ခာလမ်းကြောင်းများကိုလည်း KIA က တိုက်ခိုက်ခဲ့သဖြင့် ရိက္ခာများကို မြေပြင်မှ ပို့ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
အောက်တိုဘာ ၁၄ ရက်တွင်လည်း စစ်ကောင်စီက လေထီးဖြင့် အောင်ဂျာစစ်စခန်းကို ရိက္ခာ၊ ခဲယမ်းပစ္စည်းများ ပေးပို့ခဲ့ရာ KIAက ရရှိခဲ့သည်။
ကချင်ပြည်နယ်တွင် စစ်ရေးအရ အရေးပါသည့် အောင်ဂျာစစ်စခန်းကို လက်လွတ်ဆုံးရှုံးခဲ့သည်ဟု စစ်ကောင်စီက ၀န်ခံထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)