ရာသီမကုန်ခင် အိုရီဂီ ပြန်ကစားနိုင်မည်ဟု ကလော့ဂ် အတည်ပြု

ရာသီမကုန်ခင် အိုရီဂီ ပြန်ကစားနိုင်မည်ဟု ကလော့ဂ် အတည်ပြု

ဧပြီ ၂၃၊ အင်္ဂလန် ။            ။ အဲဗာတန်နှင့် ပွဲစဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် တိုက်စစ်မှူး အိုရီဂီ၏ ဒဏ်ရာမှာ ပြင်းထန်သော်လည်း ယခုနှစ်ရာသီမကုန်ခင် ပြန်ကစားနိုင်မည်ဖြစ်ကြောင်း လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ပြောဆိုလိုက်သည်။

လီဗာပူးလ်အသင်းက အဲဗာတန်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အိုရီဂီသည် ပြိုင်ဘက်နောက်ခံလူ ဖူနက်စ်မိုရီ၏ ပြင်းထန်သည့် ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး လူစားလဲခဲ့ရသည်။ မိုရီသည်လည်း အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ အိုရီဂီ၏ဒဏ်ရာမှာ ပြင်းထန်သော်လည်း ခြေကျင်းဝတ်အရိုးကျိုးသွားခြင်း မရှိခဲ့ပေ။

လက်ရှိတွင် လီဗာပူးလ်အသင်းသည် အမှတ်ပေးဇယား အဆင့် ၇ နေရာတွင် ရပ်တည်နေပြီး ကစားရန် ငါးပွဲ ကျန်ရှိနေသေးသည်။

ကလော့ပ်က 'ကျွန်တော်တို့ တတ်နိုင်သမျှ အရာအားလုံး ကြိုးစားသွားမှာပါ။ ရာသီက မပြီးဆုံးသေးပါဘူး။ ယေဘူယျဆန်တဲ့ မှတ်ချက်မျိုးလည်း ပေးဖို့ မရှိပါဘူး။ တစ်ခုပါပဲ သူနဲ့အတူ ကြိုးစားသွားပါမယ်။ ဘာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ရာသီပြီးဆုံးသွားပြီလို့ ဘာကြောင့်ပြောရမှာလဲ ကစားဖို့ ပွဲအနည်းငယ်ကျန်သေးတယ်မဟုတ်ဘူးလား' ဟု ပြောဆိုခဲ့သည်။

အိုရီဂီသည် လီဗာပူးလ်အသင်းအတွက် နောက်ဆုံးကစားခဲ့သော ငါးပွဲတွင် ငါးဂိုးသွင်းယူပေးထားသူ ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly