MoU မြန်မာလုပ်သား ၃၀၀ ခန့် စာရွက်စာတမ်းများ သိမ်းဆည်းခံထားရ၍ MHAC မှ ကူညီဖြေရှင်း

By ကိုရွှေမြိတ်(မဇ္ဈိမ)
23 October 2023
MoU မြန်မာလုပ်သား ၃၀၀ ခန့် စာရွက်စာတမ်းများ သိမ်းဆည်းခံထားရ၍ MHAC မှ ကူညီဖြေရှင်း

ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီမြို့ရှိ ဆာလာအိတ်စက်ရုံတွင် တရားဝင် MoU စနစ်ဖြင့် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ခန့်သည် အထောက်အထားစာရွက်စာတမ်းများနှင့် လူမှုဖူလုံရေးကြေး (ပကန်ဆန်ခုမ်)တို့ကို အလုပ်ရှင်နှင့် စကားပြန်ကသိမ်းဆည်းထားခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမား ကူညီရေးမဟာမိတ်အဖွဲ့(MHAC)က ကူညီဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

MoU စနစ်ဖြင့်ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ခန့်သည် အလုပ်စဝင်တည်းက နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်အထောက်အထားစာရွက်စာတမ်းများနှင့် ကျန်းမာရေးအာမခံ လူမှုဖူလုံ ရေးကြေးတို့ကို အလုပ်ရှင်နှင့် စကားပြန်ဆိုသူတို့က သိမ်းဆည်းထား၍ MHAC နှင့် ထိုင်းအစိုးရ အာဏာ ပိုင်များထံ အကူညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ စက်ရုံမှာ ဝဏ္ဏဆိုတဲ့စကားပြန်က အမျိုးသမီးတွေကို မဖွယ်မရာတွေလုပ်တာများလာတာ ရယ် နောက်ပြီး အလုပ်သမားအားလုံးရဲ့ အထောက်ထားစာရွက်စာတမ်းတွေကို အလုပ်စဝင်တဲ့ အချိန်က တည်းက သိမ်းဆည်းထားတော့ တခုခုဖြစ်လာရင် အဆင်မပြေနစ်နာမှုတွေများလာတော့ မခံနိုင်လို့ အခု လို (MHAC)အဖွဲ့ကို အကူညီ တောင်းခံခဲ့ရတာပါ” ဟု MoU လုပ်သား ကိုဖြူလုံးက ပြောသည်။

စက်ရုံအနေဖြင့် ကျန်းမာရေးအာမခံ လူမှုဖူလုံရေးကြေးကို အလုပ်သမားများထံမှ လစဉ် ပုံမှန် ဘတ် ၅၀၀ ဖြတ်တောက်ထားသော်လည်း အထောက်အထားစာရွက်စာတမ်းများနှင့် ကျန်းမာရေးအာမခံကဒ်တို့ကို အလုပ်ရှင်က သိမ်းဆည်းထားခြင်းကြောင့် ဆေးဝါးကုသခွင့်ဆုံးရှုံးနေပြီး မိမိပိုက်ဆံဖြင့်သာ ကုသနေရ ကြောင်း အလုပ်သမားများကဆိုသည်။

MoU မြန်မာရွှေ့ပြောင်းလုပ်သားများ၏ တိုင်ကြားလာမှုနှင့်ပတ်သက်ပြီး MHAC အဖွဲ့နှင့် ထိုင်းအစိုးရ အာဏာပိုင်များက စက်ရုံအတွင်းသို့ ဝင်ရောက် ဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။

“ဒီ အလုပ်သမား ၃၀၀ က ကျွန်တော်တို့အဖွဲ့ကို လာရောက်အကူညီတောင်းတော့ အမှန်တကယ်လည်း အလုပ်သမားအခွင့်ရေးတွေ ချိုးဖောက်ခံနေရတာသိရတော့ ထိုင်းအာဏာပိုင်းတွေနဲ့ စက်ရုံထဲအထိ သွား ရောက်စစ်ဆေးပြီး နစ်နာနေတဲ့အလုပ်သမားတွေကို ကူညီဖြေရှင်းပေးနိုင်ခဲ့တယ်”ဟု ရွှေ့ပြောင်းအလုပ် သမားကူညီရေးမဟာမိတ်အဖွဲ့(MHAC)မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

သိမ်းဆည်းထားသည့် နိုင်ငံကူးလက်မှတ်စာအုပ်များကို တာဝန်ရှိသူများ၏ဖြေရှင်းပေးမှုကြောင့် အလုပ် ရှင်မှ ပြန်လည်ပေးအပ်လိုက်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် MoU စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြပြီး လက်ရှိတွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မဲဆောက်-မြ၀တီ အမှတ်(၁)ချစ်ကြည်ရေး တံတားမှတဆင့် နေ့စဉ် လူဦးရေ ရာနှင့်ချီပြီးဝင်ရောက်နေ ကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများထံမှသိရပြီး အချို့ MoU အလုပ်သမားများမှာ အလုပ် လက်မဲ့ဖြစ်မှု၊ အလုပ်အကိုင်ရှားပါးလာမှုများနှင့် ကြုံနေရကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly