ရေး - သံဖြူဇရပ်ပြည်ထောင်စုလမ်းပိုင်းတိုက်ပွဲ  စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးဟု တောင်ညိုစစ်ကြောင်းထုတ်ပြန်

By ဂျူချန်း (မဇ္ဈိမ)
23 October 2023
ရေး - သံဖြူဇရပ်ပြည်ထောင်စုလမ်းပိုင်းတိုက်ပွဲ  စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးဟု တောင်ညိုစစ်ကြောင်းထုတ်ပြန်
ဓါတ်ပုံ- တောင်ညိုစစ်ကြောင်း

ရေး - သံဖြူဇရပ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတွင် ယမန်နေ့ အောက်တိုဘာ ၂၂ ရက်က တိုက်ပွဲ၌ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး  နှစ်ဦးဒဏ်ရာ ရသွားကြောင်း တောင်ညိုစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်အတွင်း ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် တောင်ညိုစစ်ကြောင်းတပ်ခွဲ(၁) စစ်‌ဆေးရေးလုပ်နေသောနေရာကို စစ်ကောင်စီက နံနက်  ၁၀ နာရီ ၄၅မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် စတင်ပစ်ပြီး မြေပြင်မှစစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပွားခြင်းဟု သိရသည်။

“လက်နက်ကြီးပစ်ပြီး ကျနော်တို့ တောထဲဘက်ကို ပြန်လာတဲ့အချိန််မှာ သူတို့ လူ၂၀ ကျော်လောက်နဲ့ လိုက်လာတယ်။ လိုက်လာတော့ အပြင်စခန်းကြီးရွာဘုန်ကြီးကျောင်းနောက်နားက ဘုရားနားမှာ တိုက်ပွဲဖြစ်တယ်” ဟု တောင်ညိုစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

နှစ်ဘက်ရင်ဆိုင်တိုက်ပွဲသည် ၅မိနစ်ခန့် ကြာခဲ့ပြီး  စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့‌ကြောင်းနှင့်ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း တောင်ညိုစစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

“မျက်မြင်က တိုက်ပွဲမှာ ကျနော်ပဲ။ သေချာတာက နှစ်ယောက်ကတော့ မျက်နှာချင်းဆိုင် လုံးဝကျတယ် အဲ့နားမှာပဲ။ ကျန်တဲ့နှစ်ယောက်က ထွက်ပြေးတဲ့အချိန်မှာ ပစ်တယ်။ လဲသွားတယ်။ ပြန်ထမ်းသွားတဲ့အချိန်မှာ လေးယောက်ထမ်းသွားတယ်” ဟု ၎င်းက ပြောသည်။

ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များမှ လမ်းလုံခြုံရေးယူကာ စစ်ဆေးမှုများ  မကြာခဏ ပြုလုပ်နေသည်။  စစ်ကောင်စီတပ်သည် အပြင်စခန်းကြီးကျေးရွာနှင့် သက္ကောကျေးရွာကြား အမှတ်(၈) ပြည်ထောင်စု ကားလမ်းမဘေးမှ မရှိခဏဘုရားဝင်းအတွင်း၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားကြောင်း သိရသည်။ 

တောင်ညိုစစ်ကြောင်းတပ်ခွဲ(၁) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ကလည်း  ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီး အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာကုန်းစခန်းမှ တပ်ဆုတ်လာသည့် စစ်ကောင်စီစစ်ကြောင်းကို သံဖြူဇရပ်မြို့နယ်နေရာနှစ်ခုမှစောင့်၍ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။  ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရခဲ့ကြောင်း တောင်ညိုစစ်ကြောင်းကသတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required