အစ္စရေးနှင့် ဟားမတ်စ်အကြား ‘လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲရေး’ ကုလ အကြီးအကဲ တိုက်တွန်း

အစ္စရေးနှင့် ဟားမတ်စ်အကြား ‘လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲရေး’ ကုလ အကြီးအကဲ တိုက်တွန်း
Photo - AFP

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ပွဲ၌ ‘လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်စဲရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာ ၂၁ ရက်တွင် တိုက်တွန်းလိုက်ပြီး ဂါဇာ၏ “အလွန်တရာ ဆိုးဝါးသည့် ထိတ်လန့်စရာ အခြေအနေ” ကို အဆုံးသတ်စေရေး လုပ်ဆောင်ရန် တောင်းဆိုသည်။

လူဦးရေ ၂ ဒသမ ၄ သန်း ရှိသည့် ပါလက်စတိုင်း နယ်မြေသည် “လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေး” တခုနှင့်အတူ ရှိနေရပြီး လူထောင်နှင့်ချီ သေဆုံးပြီး လူတသန်းကျော် အိုးအိမ်နေရပ်စွန့်ခွာထားကြရသည်ဟု ဂူတာရက်စ်က နောက်ဆုံးတွင် အချည်းနှီးဖြစ်ခဲ့ရသည့် ကိုင်ရို ထိပ်သီးအစည်းအဝေးတွင် ပြောဆိုကြောင်း အာရပ် သံတမန်များအရ သိရသည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမတ်စ်တို့၏ စီးနင်းမှုအတွင်း လူ ၁,၄၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး လူ ၂၀၀ ကျော် ဓားစာခံဖမ်းဆီးခံခဲ့ရကာ ထိုစီးနင်းမှု ပထမဆုံးနေ့တွင် အရပ်သားအများစု ပစ်ခတ်၊ ကိုယ်လက်အင်္ဂါဖြတ်တောက် သို့မဟုတ် မီးရှို့သတ်ဖြတ်ခြင်းခံရချိန်မှစ၍ သွေးထွက်သံယို၊ သေကျေဒဏ်ရာရမှုဖြစ်စဉ် စတင်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေး တာဝန်ရှိသူများက ပြောသည်။

အစ္စရေးက မရပ်မနား ဗုံးကြဲတိုက်ခိုက်မှုများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည့်အတွက် အရပ်သားအများစု အပါအဝင် ပါလက်စတိုင်း ၄,၃၀၀ ကျော် သေဆုံးကြောင်း ဂါဇာရှိ ဟားမတ်စ် စီမံခန့်ခွဲသော ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။ ထို့ပြင် အစ္စရေးသည် ဂါဇာကမ်းမြှောင်ကို ရေ၊ လျှပ်စစ်၊ လောင်စာနှင့် အစားအစာ အထောက်အပံ့များကို ဖြတ်တောက်ထားခဲ့သည်။

ကိုင်ရို ဆွေးနွေးပွဲသည် သဘောတူညီချက်တခု ရရှိနိုင်ခြင်း မရှိခဲ့ဘဲ အနောက်နိုင်ငံများ၏ ကိုယ်စားလှယ်များက ရှင်းလင်းသည့် ပြစ်တင်ဝေဖန်မှုလုပ်ဆောင်ရန်နှင့် ပဋိပက္ခအရှိန်မြင့်တက်ခြင်းအတွက် ဟားမတ်စ်အပေါ် ပြစ်တင်ရန်လုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်းအပေါ် အာရပ်ခေါင်းဆောင်များက ငြင်းဆန်လက်မခံခဲ့ကြောင်း အမည်မဖော်လိုသည့် အာရပ်သံတမန်များက အေအက်ဖ်ပီကို ပြောသည်။

ထို့ပြင် ဟားမတ်စ်တို့ ထိန်းသိမ်းဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေး တောင်းဆိုရန် အနောက်နိုင်ငံ တာဝန်ရှိသူများက ဆန္ဒရှိခဲ့ကြသည်။

ယင်းအစား ဆွေးနွေးပွဲတက်သူ အာရပ် ကိုယ်စားလှယ်များ၏ အတည်ပြုချက်ဖြင့် မူကြမ်းရေးသည့် ထုတ်ပြန်ချက်တရပ်ကို အီဂျစ်သမ္မတက ထုတ်ပြန်ခဲ့ပြီး ယင်းတွင် ယခုပဋိပက္ခစစ်ပွဲက “နိုင်ငံတကာ အသိုင်းအဝိုင်း၏ တန်ဖိုးများရှိ ချွတ်ယွင်းချက်တခု” ကို ဖွင့်ထုတ်ပြသသည်ဟု ပြောထားကြောင်း သံတမန်များအရ သိရသည်။

ပဋိပက္ခကို စီမံခန့်ခွဲရန်အပြင် ထိခိုက်ခံပြည်သူများ၏ အနိမ့်ဆုံး မျှော်မှန်းချက်များနှင့်တောင်မှ လျော်ညီခြင်း မရှိသည့် ယာယီ ဖြေရှင်းနည်းလမ်းများ၊ ‘လက်တလော သက်သာရာရစေသော”  လုပ်ရပ်များ အဆိုပြုခြင်းအားဖြင့် ယင်းကို အပြီးတိုင် အဆုံးသတ်ခြင်း မပြုရန် ကမ္ဘာ့ခေါင်းဆောင်များက ကာလကြာ ကြိုးပမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly