ရေစကြိုတွင် စစ်ကောင်စီတပ်က ရွာ ၂ ရွာမီးရှို့ ပြည်သူ ၂ ဦးကို သတ်ဖြတ်

By MTO(မဇ္ဈိမ)
21 October 2023
ရေစကြိုတွင် စစ်ကောင်စီတပ်က ရွာ ၂ ရွာမီးရှို့ ပြည်သူ ၂ ဦးကို သတ်ဖြတ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ပေါက္ကူကျေးရွာနှင့် ကမ်ဘဲ့ကျေးရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီးနောက် ပေါက္ကူကျေးရွာမှ ဒေသခံနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က အဆိုပါကျေးရွာများကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက္ကူကျေးရွာမှ နေအိမ်  ၅၆ လုံး နှင့် ကမ်ဘဲ့ရွာမှ နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးသွားကြောင်း Yesagyo  Township Info Committee မှ တာဝန်ရှိသူတဦးက ပြောသည်။

“ပေါက္ကူကျေးရွာမှာ မီးငြှိမ်းသတ်ဖို့ ကြိုးစားတဲ့ ဒေသခံပြည်သူ နှစ်ဦးကို ပစ်သတ်သွားတာ ပစ္စည်းဥစ္စာတွေကို ယူဆောင်ပြီးမှ နေအိမ်တွေကို မီးရှို့သွားတာ” ဟု ၎င်းကပြောသည်။

အဆိုပါ သတ်ဖြတ်ခံရသူများမှာ ပေါက္ကူကျေးရွာမှ အသက် ၆၄ နှစ်အရွယ် ဦးဟန်တင်နှင့် အသက် ၃၄ နှစ်အရွယ် ကိုစိုးနိုင်ဦးတို့ ဖြစ်ကြောင်း Yesagyo Township Info Committee က အတည်ပြု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးခြင်း ၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဒေသခံများ မကြာခဏ စစ်ဘေးရှောင်နေရကာ စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း Yesagyo Township Info Committee မှ တာ ဝန်ရှိသူတဦးက ပြောသည်။

“အလုပ်အကိုင်က အဆင်မပြေ၊ ပြေးရလွှားရနဲ့ ဒုက္ခပေါင်းစုံပါပဲ၊ အနီးဝန်းကျင်ရွာတွေက စေတနာရှင်တွေနဲ့ ပအဖ၊ ပကဖတို့က တာဝန်ရှိသူတွေ ထမင်းတနပ်စားရဘို့ အတော်ကြိုးစားနေကြရပါတယ်၊ ‌အမှန်ပြောရရင် တချို့ထမင်းနပ်မှန်အောင်ကို မစားကြရဘူး။ ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေမှာ ဖြစ်သလို နေနေကြရတာပါ” ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ရေစကြိုမြို့ ၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရေစကြိုမြို့သို့ ပြန်လည်ဝင်ရောက်သွားသည့် စစ်ကြောင်း ဖြစ်သည်။

ထို့အတူ ယင်းစစ်ကောင်စီတပ်ဖွဲ့သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အောက်တိုဘာလ ၁၂ ရက်နေ့ မှ ၁၇ ရက်နေ့အထိ စစ်ကြောင်းထိုးခြင်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ ကျေးရွာ ခုနစ်ရွာမှ နေအိမ် ၃၄ လုံးပျက်စီးခဲ့ပြီး ဒေသခံနှစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly