ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာလေးနေရာကို တပြိုင်တည်း သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ နှစ်ဦးသေဆုံးသည်ဟု Chin Defense Force – Kanpelet က ယနေ့ အောက်တိုဘာလ ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။
ကန်ပက်လက်မြို့ပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အ.ထ.ကကျောင်း၊ ရန်အောင်စေတီနှင့် မြို့နယ်ပညာရေးရုံးတို့ကို အောက်တိုဘာလ ၂၀ ရက် နံနက် ၆နာရီမှ နံနက် ၁၁နာရီအထိ အနီးကပ်တပြိုင်းတည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Chin Defense Force – Kanpelet မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
“စစ်ကောင်စီတပ်သားနှစ်ယောက်သေဆုံးတာကိုတော့ မျက်မြင်အတည်ပြုလို့ရတယ်။ ကျန်တဲ့ဟာတွေလည်း သေဆုံးမှုရှိနိုင်တယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိဘဲနဲ့ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်။ စစ်ကောင်စီဘက်က ညနေပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်” ဟု Chin Defense Force – Kanpelet မှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှု ၅ နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး CDF (ကန်ပက်လက်)အဖွဲ့မှ စစ်ကြောင်း ငါးကြောင်းခွဲ၍ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းလည်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် ကန်ပက်လက်မြို့တွင်း၌ စစ်ရေးတင်းမာသည့် အခြေအနေရှိနေပြီး တိုက်ပွဲများ အချိန်မရွေး ဖြစ်နိုင်သဖြင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်နှင့် နီးရာနေရာများတွင် နေထိုင်ခြင်းမပြုရန် Chin Defense Force – Kanpelet က ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့ နှင့် မတူပီမြို့သို့ ရိက္ခာဖြည့်တင်းရန် ပခုက္ကူမြို့မှ ချောဆွဲထားသည့်ကားများ အပါအဝင် အစီးရေ ၈၀ ကျော်ပါ ယာဉ်တန်းနှင့် အင်အား ၃၀၀ ပါဝင်သည့်ယာဉ်တန်းသည် မကွေးတိုင်း ၊ ကျောက်ထု-ပေါက် အကြား၌ ရောက်ရှိနေကြောင်းလည်း သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး