မုန်လိုင်ခက်ရဲ့ ဖြစ်ရပ်ဆိုး

By အဂမ်(မဇ္ဈိမ)
21 October 2023
မုန်လိုင်ခက်ရဲ့ ဖြစ်ရပ်ဆိုး

မိုးတွေက အုံ့မှိုင်း၊ ရာသီဥတုက ခပ်အေးအေးဖြစ်၍   ရွာထဲမှ ကလေးများ၊ လူကြီးများ၊ နို့်တိုက်မိခင်များနှင့်  ကိုယ်ဝန်ဆောင်များ အားလုံးသည် တိတ်ဆိတ်သည့် ညအခါတွင် အိပ်စက်နေကြသည်။

 အဲ့ဒီညက  အောက်တိုဘာလ ၉ ရက်၊ ကိုဘရန်အောင်တာဝန်ကျသည့်ည ဖြစ်သည်။ သူတို့ရွာသည် စစ်ဘေးရှောင်များ စုစည်းနေထိုင်သည့် ရွာဖြစ်ပြီး KIO အုပ်ချုပ်ရေး နယ်မြေထဲတွင် ရှိသည့်အတွက်  အမျိုးသားများသည် ရွာကို အလှည့်ကျ ညကင်းစောင့်ကြရသည်။ ထိုအချိန်တွင် စစ်ကောင်စီ၏ လေယာဥ်တက်လာသည်ဟူသော သတင်း သူ့ထံ ဝင်လာ၍ ဖုန်းလိုင်းဆက်သွယ်ရေး ပြတ်တောက်နေသည့် ရွာထဲသို့  သတင်းပါးရန် အပြေးအလွှား ပြေးထွက်လာခဲ့သည်။ ထိုစဥ်  ‘ဂျိန်း’ ဟူသော ပြင်းထန်သည့် ပေါက်ကွဲသံနှင့်အတူ ကိုဘရန်အောင်တယောက် မြေကြီးပေါ် ပစ်ခွေလဲကျသွားသည်။

အမှောင်ကြီးစိုးနေသည့် ညနက်ထဲ လဲကျရာမှ ကုန်းရုန်းအထတွင် သူ့ပတ်ဝန်းကျင်မှ   "ကယ်ကြပါအုံး ကယ်ကြပါအုံး" ဟူသော ငိုသံများ သူ့နားထဲသို့ စုပြုံဝင်လာသည်။သူ့ဘောင်းဘီ အိတ်ထဲမှ ဖုန်းမီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်စဥ် သွေးသံတရဲရဲဖြင့် အသက်အရွယ်ပေါင်းစုံသည် လူးလိမ့် အော်ဟစ်သူက အော်၊ ငြိမ်သက်သူက ငြိမ်သက်လျက်။  အဆောက်အအုံများကလည်း ဖရိုဖရဲ ပြိုကျပျက်စီးလျက်။

တဆက်တည်းတွင် ပေါက်ကွဲသံ တခု ထပ်ကြားရချိန် ကိုဘရန်အောင်တယောက် နောက်ကို လှည့်မကြည့်တော့ဘဲ ခြေဦးတည့်ရာထွက်ပြေးလာခဲ့ရင်း ရွာထိပ်က ရေမြောင်းထဲ ဆင်းဝပ်နေလိုက်သည်။ သူတို့ရွာလေးပေါ်သို့ ကျရောက်လာသည့် ဗုံးများသည် တလုံးနှင့် တလုံး တမိနစ်ပင် ခြားသည်ဟုပင် သူ မထင်။
 
“ ငိုတဲ့သူငို အော်တဲ့သူက အော်။ ကလေးငိုသံရော လူကြီးအော်သံရော ပွတ်လောရိုက်နေတာပဲ။ ခရာဘက်ကလား ဘယ်ဘက်ကလဲ မသိဘူး။ လက်နက်ကြီးတောက်လျှောက်ပစ်နေတုန် ကျနော်တခါတည်း မာရသွန်ပြေးထွက်သွားပြီး ရွာဘေးက ရေနုတ်မြောင်းထဲခုန်ဆင်းပြီး ဝပ်နေလိုက်တယ်။  ဘယ်သူ့ကိုမှလည်း မကယ်နိုင်ခဲ့ဘူး။ ကယ်လို့လည်းမရဘူး။ ဗုံးကျပြီး မကြာဘူး စစ်တပ်ဘက်က မုန်လိုင်ခက်စစ်ရှောင်တွေနေတဲ့ နေရာဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာဆိုတော့ အဲ့အချိန် ကျနော်စဥ်းစားမိတာက ပြေးဖို့ပဲ။ တကယ်လည်း ကျနော်ပြေးခဲ့တယ်” ဟု ကိုဘရန်အောင်က  မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့ကို ပြောသည်။

အထက်ပါ အဖြစ်အပျက်များသည် မုန်လိုင်ခက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူ ကိုဘရန်ရှောင်၏ အတွေ့အကြုံများပင် ဖြစ်သည်။

တနာရီခန့်အကြာ (ကိုဘရန်အောင်၏ စိတ်မှန်းဖြင့် တွက်ဆသည့် အချိန်) မိုင်းပေါက်ကွဲသံများ စဲသွားစဥ် သူ့အိမ်သို့ ရင်တထိတ်ထိတ်ဖြင့်  သွားရောက်ခဲ့သည် ။ သူ့အိမ်သည် အပျက်အစီးများဖြင့် ဖရိုဖရဲဖြစ်နေပြီး ဇနီးဖြစ်သူကတော့ သွေးအိုင်ထဲတွင် လဲလျက် သူမြင်တွေ့လိုက်ရသည်။

“ ကလေးတွေက အကောင်းပကတိအတိုင်းပဲဆိုတော့ ကျွန်တော့မိန်းမက ကလေး‌တွေကို ကာကွယ်ရင်း ထိခိုက်မိတယ်လို့ သုံးသပ်မိတယ်။  အငယ်ကောင်က  အမေအရမ်းရှာတဲ့သူ။ ကျောင်းကပြန်လာတာနဲ့ အမေမှ အမေပဲ ”ဟု သူကဆိုသည်။

ထိုနေ့ညက အဖြစ်အပျက်များကို နှိုင်းစရာစကားလုံး သူအနေနှင့် မဖော်ပြတက်ဟုဆိုသည်။ ထို့အပြင် အော်ဟစ်သံများသည်လည်း သူ့နားထဲတွင် ကြားယောင်သေးသည်ဟု ဆိုသည်။

“ ဖွတ်ဖွတ်ကြေနေတဲ့ အမှိုက်ပုံလို နေရာမှာ သွေးစိမ်းရှင်ရှင်ရဲနေတဲ့  သွေးကွက်တွေက ဟိုနားတကွက်၊ ဒီနားတကွက်နဲ့  ကလေးတွေရဲ့ကျောင်းလွယ်အိတ်၊ စာအုပ်နဲ့ မူကြိုတန်းပြီးဆုံးခြင်း လက်မှတ်လေးတွေကလည်း တစစီပြန့်ကျဲနေတယ်။ တကယ့်ကို နာကျင်ရပါတယ်”  ဟု သူကဆိုသည်။

​ လက်ရှိတွင် အသက် ၃၅ နှစ်အရွယ် ကိုဘရန်ရှောင်တွင် ၁၀ နှစ် ဝန်းကျင် သားတယောက်နှင့် ရှစ်နှစ် ဝန်းကျင်အရွယ် သားတယောက်ကျန်ခဲ့သည်။  မုန်လိုင်ခက်ရွာသည် ဝေကြိုင်ဘွမ်၊ စင်ယူဘွမ်၊ ရှိန်တောမ်ဘွမ် အစရှိသည်  တောင်များ ပတ်လည်ဝိုင်းထားသည့် အလယ်တွင်ရှိနေပြီး လိုင်ဇာမြို့အနီးတွင် ရှိသည်။ သို့သော် ရာသီဥတုမှာ လိုင်ဇာမြို့နဲ့ မတူဘဲ ခပ်အေးအေးနှင့် အလွန်တရာ နေလို့ကောင်းသည် ဟု ဒေသခံများက ဆိုသည်။

၂၀၂၁ ခုနှစ် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်   မြန်မာတနိုင်ငံလုံးသည် စစ်ကောင်စီကို ရရာလက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည်။ ထို့အထဲတွင် စစ်ကိုင်း - ကချင် အစပ်ရှိ  တော်လှန်ရေးများအား စစ်ရေးသင်တန်းများပေးခဲ့သည့်  KIA ကို ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လကပင်  စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးကတည်းကပင် KIO ဗဟိုဌာနချုပ် လိုင်ဇာဘက်သို့  ခရာဘွမ်၊ ဘွမ်ရေဘွမ်မှ လက်နက်ကြီးများဖြင့်  ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။

ထို့ကြောင့် လိုင်ဇာမြို့မှ နှစ်မိုင်ခန့်သာဝေးသော မုန်လိုင်ခက်ရွာမှ  စစ်ဘေးရှောင်နှင့် ဒေသခံများသည်  လက်နက်ကြီးကျည်နှင့် လေကြောင်းရန်ကို သတိပြုကာ နေထိုင်နေကြရသည်။ ထိုသို့ သတိပြုနေထိုင်ဆဲမှာပဲ ယင်းကဲ့သို့သော ဖြစ်ရပ်ဆိုးကြီးနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်းဖြစ်သည်။

လက်နက်ကြီးကျရောက်၍ မုန်လိုက်ခက်ရွာသည် သတ္တူတူးဖော်ထားသကဲ့သို့ မြေများ မွစာကြဲလျက် ဖြစ်ခဲ့ရသည်။  ထိုဖြစ်ရပ်အတွင်း  အသက် ၁၆ နှစ်အောက် ကလေးငယ် ခုနစ်ယောက်နှင့် ငါးနှစ်အောက် ကလေးငယ် လေးယောက် အပါအဝင် စစ်ရှောင်ပြည်သူ ၂၉ ယောက် သေဆုံးခဲ့ပြီး ၅၇ ယောက် ဒဏ်ရာရရှိခဲ့သည်။

" ဒီသေဆုံးတဲ့သူ အရေအတွက်ဆိုတာက ကျနော်တို့ အလောင်းကောက်နိုင်တဲ့ အနေအထား၊ အသုဘခေါင်း လုပ်ထားတဲ့ အရေအတွက်ပါ။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်က သန်းခေါင်ယံအချိန်မှာဆိုတော့ အစအနကို ကောက်လို့မရအောင် ပျက်စီးသွားတာကြောင့် ခုထိ အလောင်းပြန်မကောက်နိုင်သေးတာတွေလည်း ရှိတယ် " လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့သည့် ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကိုယ်အင်္ဂါအပြည့်အစုံဖြင့် အလောင်းများရှိသလို ၊ မစုံတော့သည့်အလောင်းများ၊ တစစီဖြစ်သွား၍ ကောက်၍ပင် မရတော့သူများရှိကြောင်း ၎င်းကဆိုသည်။​

 ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက် ညကလည်း ကံဆီးဒေသဘက်က အနန့်ပါရွာကို လေယာဥ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ဒီဖြစ်ရပ်ကြောင့်လည်း အပြစ်မဲ့ အရပ်သားပြည်သူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည်။ မုန်လိုင်ခက်ဖြစ်ရပ်သည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က  ကချင်များအပေါ် ဒုတိယအကြိမ်မြောက် ကျူးလွန်ခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်ကြောင်း ကချင်ပြည်သူများက မှတ်ယူလက်ခံထားကြသည်။ ထိုဖြစ်ရပ်သည် မုန်လိုက်ခက်ကျေးရွာ သက်တမ်းတလျှောက် အကြီးမားဆုံး ကြုံတွေ့ခဲ့ရသည့် လူ အစုလိုက်၊ အပြုံလိုက် သေဆုံးမှုပင်ဖြစ်သည်။

မုန်လိုင်ခက်ရွာသည် KIO အစိုးရထိန်းချုပ်ရာ ဒေသက နှစ်ပေါင်း ၄၀ သက်တမ်းရှိရွာဖြစ်ပြီး လက်ရှိ KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် နမ်ဆန်ယန်ရွာထက် သက်တမ်းရှည်သည့်ရွာဖြစ်ကြောင်း ကချင်ဒေသခံက ဆိုသည်။
ကချင်ပြည်နယ်နှင့် တရုတ်နယ်နိုင်ငံ နယ်စပ်မျဥ်အနီး တည်ရှိ၍  တရုတ်နိုင်ငံကိုထွက်ပေါက်ကို ထိုရွာမှတဆင့် ကူးလူးသွားလာကြသည်။   နမ်ဆန်ယန်တွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားလာချိန် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကပင်  နမ်ဆန်ယာန်၊ လဂျားယာန်၊ အောင်ဂျာနဲ့ ဂျာပူ ရွာမှ ဒေသခံများ  ခေတ္တ ပြောင်းရွေ့လာရောက်နေထိုင်သည့် ရွာလည်း ဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ခဲ့သည့် နေရာသည် မုန်လိုင်ခက်ရွာ ကားလမ်းမကြီးဘေးတွင်  ဖြစ်ပြီး ကားလမ်းဘေးတလျှာက်တွင် အရပ်သားပြည်သူများ၏ နေအိမ်ရှိသည်။ ထို့ပြင် မလှမ်းမကမ်းရှိ တောင်ကုန်လေးပေါ်တွင် ခရစ်ယာန်ဘုရားကျောင်း တကျောင်း ရှိသလို  ဘုရားကျောင်း၏ ဘေးကပ်ရပ်တွင် စစ်ရှောင်ပြည်သူများနေထိုင်သည့် အိမ်တန်းလျားအဆောင်များရှိသည်။ ထိုအိမ်တန်းလျားရှိ စစ်ရှောင်များမှာ ထိခိုက်မှုမရှိခဲ့သော်လည်း အိမ်များမှာမူနေထိုင်၍မရအောင် ပျက်စီးခဲ့သည်။

ထိုဖြစ်ရပ်သည် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် မောင်းသူမဲ့အဆင့်မြင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်က ပြောကြားထားသည်။

ထိုတိုက်ခိုက်မှုသည်မုန်လိုင်ခက်စစ်ရှောင်စခန်း၏ အနောက်ဘက် ခြောက်ကီလိုမီတာ ( လေးမိုင်) ခန့်တွင်ရှိသည့် ခါရာတောင်နှင့် ဘွမ်ရယ်တောင်ပေါ်တို့ရှိ စစ်ကောင်စီတပ်စခန်းတို့မှ လာသည်ဟု KIA ၏ ကနဦး စစ်ဆေးချက်များကို ကိုးကား၍ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောကြားချက်ကို သတင်းမီဒီယာအသီးသီးက သတင်းဖော်ပြထားကြသည်။

“ခရာတောင်၊ ဘွန်ရယ်တောင်တို့မှာလည်း ဟယ်လီကော်ပတာနဲ့ ဒရုန်းတွေချပေးတဲ့ သက်သေတွေလည်းရှိပါတယ် ” ဟု သတင်းနှင့် ပြန်ကြားရေးပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ကမှု KIA ၏   ‘ယမ်းသိုလှောင်ရုံပေါက်ကွဲမှု’ ကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ တရုတ်အစိုးရပိုင် China Radio International မြန်မာပိုင်းကလည်း ထိုအဖြစ်အပျက်ကို “အမြောက်ပစ်ခတ်မှု” ဟု ဖော်ပြထားသည်။ ထိုဖော်ပြမှုတွင် တရုတ်နိုင်ငံခြားရေးပြောခွင့်ရအရာရှိက ‘မတော်တဆမှု’ သို့မဟုတ် ‘စစ်ရေးအရတိုက်ခိုက်မှု” စသဖြင့် တိတိကျကျရည်ညွှန်းခြင်းမရှိဘဲ ထိုအဖြစ်အပျက်နှင့် ပတ်သက်သည့် အစီရင်ခံစာများကို အာရုံစိုက်စောင့်ကြည့်နေသည်ဟု တုံ့ပြန်ဖော်ပြထားသည်။

ကချင်နိုင်ငံရေးသုတေသီတစ်ဦးကတော့ " တရုတ်သတင်းကတောင် အမြှောက်နဲ့ပစ်ခတ်ခံရတယ်လို့ ဖော်ပြပါရှိတဲ့အတွက်ကြောင့် စကစ ဇော်မင်းထွန်းရဲ့ ဖြေရှင်းချက်ဟာ မမှန်ဘူးလို့ ပြောရမှာပဲ။      တရုတ်အနေနဲ့တော့ ကချင်ဒေသက ကချင်လူမျိုးသုဥ်းသွားတာမျိုးကို လိုချင်မယ်မထင်ဘူး။ ဘာကြောင့်ဆိုတော့ ဗမာထက်စာရင် ကချင်က သူတို့နဲ့ ပိုနီးစပ်မှုရှိသလို၊ ကချင်ဒေသကို သူ့ဒေသအဖြစ် လုပ်ယူဖို့က ကချင်လူမျိုးတွေ ရှိနေဖို့လိုအပ်တယ်လေ။ ရေရှည်မှာ ဝ၊ မိုင်းလားနဲ့ ကိုးကန့်ဒေသတွေလို သူ့သြဇာခံတွေအဖြစ် လုပ်ယူလိမ့်မယ်။
ကချင်တွေကသာ ခက်နေတာ။ တရုတ်ကြီးက ကချင်တွေကို သူ့လူဖြစ်စေချင်နေပြီ။ ကျွန်တော့ ယူဆ ချက်ပေါ့လေ။ မှန်တယ်၊ မမှန်ဘူးက အချိန်စောင့်ကြည့်ရမှာပဲ " ဟု သုံးသပ်ပြောပြသည်။

မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့ရဲ့ ဆက်သွယ်မေးမြန်းမှုကို ကချင်နိုင်ငံရေးသုတေသီက လူမှုဆက်သွယ်ရေး ကွန်ရက်မှတဆင့် ထိုသို့ ပြောပြခဲ့ခြင်း ဖြစ်သည်။

မုန်လိုင်ခက်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး KIO အစိုးရက စစ်ကောင်စီကို စစ်ရေးအရ တုံ့ပြန်မှုများ လုပ်ဆောင်လာနိုင်ကြောင်း အခုလိုသုံးသပ်ပြခဲ့သည်။
"ကေအိုင်အေအနေနဲ့တော့ သူတို့တတ်နိုင်တဲ့ အကန့်အသတ်ရှိတဲ့ အနေအထားနဲ့ပဲ ပြန်လည်တုံ့ပြန်ပါလိမ့်မယ်။ လူမျိုးသုန်း တိုက်ခိုက်မှုမျိုးတွေ မတွေးတဲ့အတွက်ကြောင့်မို့လို့ ဆိုးဆိုးဝါးဝါး လက်တုံ့ပြန်ဖို့ မရှိနိုင်ဘူးလို့ ယူဆပါတယ်။ ထွေထွေထူးထူးမဟုတ်တဲ့ သူနိုင်သလောက် စစ်ရေးနဲ့ပဲ တုံ့ပြန်ပါလိမ့်မယ်။သံတမန်ရေးနဲ့ ထိရောက်အောင် ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်"
မုန်လိုင်ခက်မှ စစ်ဘေးရှောင်များကတော့  လိုင်ဇာမြို့ရှိ  ဝေကြိုင်စစ်ရှောင်စခန်းကို ပြောင်း ရွှေ့ခိုလှုံရန် လုပ်ဆောင်နေကြသည်။

ကိုဘရန်အောင်တို့ သားအဖတွေကတော့ လက်ရှိတွင် ဝေကြိုင်စက်ဘေးရှောင်စခန်းသို့ ရောက်ရှိနေပြီဖြစ်သည်။ မုန်လိုင်ခက်ကျေးရွာတွင် ထိခိုက်ပျက်စီးမှုများကို ရှင်းလင်းနေဆဲဖြစ်ပြီး လက်ရှိတွင် နေထိုင်သူမရှိတော့ပေ။

“ နေရာက ပြောင်းသွားပေမယ့် အခုထိ မိန်းမရဲ့ စကားပြောသံတွေ၊ ကလေးတွေကို  အော်နေ၊ ပြောဆို ဆုံးမသံတွေ ကြားနေတုန်းပဲ ” ဟု ကိုဘရန်အောင်က ပြောသည်။

သားအကြီးမှာ မိခင်ဖြစ်သူ သေဆုံးသည်ကို လက်ခံလိုက်ပြီဖြစ်သော်လည်း သားငယ်ကတော့ အခုထိ အမေဖြစ်သူကို ရှာဖွေနေဆဲ၊ သူ့အတွက် မုန့်သွားဝယ်သည်ဟု ထင်မှတ်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖြစ်ရပ်အစပိုင်းတွင် ကလေးနှစ်ယောက်သည် ထိတ်လန့်နေကြသော်လည်း လက်ရှိတွင် သူငယ်ချင်းများနှင့် ဆော့ကစားနိုင်ကြပြီဖြစ်သည်။ သို့သော်  မိခင်ဖြစ်သူအား သူတို့ဘဝထဲမှ အပြီးတိုင်ခေါ်ဆောင်သွားသည့် ဖြစ်ရပ်ကြောင့် သူတို့၏ အတွင်းစိတ် ထောင့် တနေရာတွင် စိတ်ဒဏ်ရာတခု ရှိနေတော့မည်ဖြစ်သည်။

စာတည်း။    ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly