စစ်ကောင်စီနဲ့ပေါင်းပြီး အများပြည်သူကိုဒုက္ခပေးနေတဲ့ မော်လမြိုင်ကျွန်းမြို့က အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါများ

By အယ်ဒီတာထံပေးစာ
19 October 2023
စစ်ကောင်စီနဲ့ပေါင်းပြီး အများပြည်သူကိုဒုက္ခပေးနေတဲ့ မော်လမြိုင်ကျွန်းမြို့က အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါများ

မော်လမြိုင်ကျွန်းမြို့နယ် ဓနုံးဆိပ်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးဖြစ်သူနဲ့ သူရဲ့လက်အောက်ခံအပေါင်းအပါတွေဟာ ရွာနေလူထုကို အကြောင်းတစုံတရာမရှိပါဘဲ ရိုက်နှက်တာတွေနဲ့ ငွေကြေးတောင်းယူတာတွေ ပြုလုပ်နေပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ထွန်း၊ ရာအိမ်မှုးတွေဖြစ်တဲ့ ဦးမိုးဝေ၊ ဦးရဲမြင့်၊ ဦးကျော်မြင့်ဦး၊ ဦးငွေသော်၊ ဦးသိန်းဇော်နဲ့ ဆယ်အိမ်မှုး ဦးမြင့်ဝေတို့ဟာ နေ့စဥ် အရက်သေစာသောက်စားပြီး အခုလိုပြုလုပ်နေတာဖြစ်ပါတယ်။

အဲ့ဒီအုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေဟာ အိမ်ခြေပေါင်း ခြောက်ရာခန့်ရှိတဲ့ ဓနုံးဆိပ်ကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေကို တအိမ်ထောင် လစဥ် ငွေကျပ် ၃,၀၀၀ နှုန်းကောက်ခံနေပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး ရွာတွေထဲက အမျိုးသားတွေကို အကြောင်းမရှိဘဲ ရိုက်နှက်တာတွေလည်းပြုလုပ်ပါတယ်။ အခုဆိုရင် ရိုက်နှက်ခံရတဲ့ အမျိုးသား စုစုပေါင်း ခုနစ်ယောက်ရှိနေပြီဖြစ်ပါတယ်။

ကျေးရွာတွေမှာရှိတဲ့ လူနေအိမ်တွေမှာ လူပိုလူလျှံမရှိပါဘဲ ဧည့်စာရင်းစစ်တာတွေပြုလုပ်ပြီး ဖမ်းဆီးတာတွေပြုလုပ်ပါတယ်။ ဖမ်းဆီးခံရတဲ့လူတွေကို ငွေကျပ် ၆၀,၀၀၀ ပေးမှပြန်လွှတ်ပေးမယ်လို့ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ထွန်းက ပြောဆိုခဲ့တာတွေရှိပါတယ်။

ငွေကျပ် ၆၀,၀၀၀ မပေးရင် ကျိုက်ပိတိုက်နယ် ရဲစခန်းကို အကြောင်းကြားပြီး ဆက်လက်ဖမ်းဆီးခိုင်းမယ်လို့ ခြိမ်းခြောက်တာကြောင့် သူတို့တောင်းတဲ့ငွေကို ပေးခဲ့ရတဲ့လူတွေလည်း ရှိပါတယ်။

ဓနုံးဆိပ်ကျေးရွာကနေ ဘိုကလေးမြို့ကို ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် ၂၀ မိနစ်လောက်ကြာနိုင်ပြီး၊ မော်လမြိုင်ကျွန်းမြို့ပေါ်ကိုသွားမယ်ဆိုရင်လည်း ၂၀ မိနစ်လောက်ကြာပါတယ်။

အဲ့ဒီလို မြို့နယ်နှစ်မြို့နယ်နဲ့ နီးနေတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်လွင်ထွန်းနဲ့ အပေါင်းအပါတွေက ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးနေတာတွေကို အာဏာပိုင်တွေကလည်းသိပါတယ်။

အဲ့တာကြောင့် အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ အခုလိုပြုလုပ်နေတာနဲ့ပတ်သတ်ပြီး အာဏာပိုင်အဖွဲ့အစည်းတွေကို သွားတိုင်မယ်ဆိုရင်လည်း တိုင်တဲ့သူသာ ဒုက္ခရောက်နိုင်တဲ့ အခြေအနေရှိပါတယ်။

အဲ့ဒီအတွက် စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့အပြင် ရိုက်နှက်တာတွေကိုပါပြုလုပ်နေတဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ထွန်းနဲ့ အပေါင်းအပါတွေအကြောင်းကို အများပြည်သူသိရှိနိုင်ဖို့အတွက် မဇ္စျိမရဲ့ အယ်ဒီတာထံပေးစာကတဆင့် ရေးသားလိုက်ပါတယ်။

(မော်လမြိုင်ကျွန်းလူငယ်များ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly