အမျိုးသမီးတွေ သတိထား

အမျိုးသမီးတွေ သတိထား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့မှာနေတဲ့ ဒေါ်ခင်စန်းဝင်းက မဇ္ဈိမ စာဖတ်သူ ကဏ္ဍကို စာတစ်စောင် ပေးပို့လာခဲ့ပါတယ်။ သူရေးလိုက်တဲ့ စာထဲမှာ သူဟာ အငြိမ်းစားဝန်ထမ်းတစ် ဦးဖြစ်ပြီး စာဖတ်ဝါသနာပါတဲ့အတွက် နေ့စဉ် သတင်းစာနဲ့ အပတ်စဉ် ဂျာနယ်များကို ဖတ်ရှုသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ သူဖတ်လိုက်ရမိတဲ့ ကြေးမုံသတင်းစာက မှုခင်းသတင်းတစ်ပုဒ်ကို ဖတ်မိပြီး စာရေးချင်စိတ် ဖြစ်ပေါ်လာတာကြောင့် ရေးသားပြီး မဇ္ဈိမ စာဖတ်သူကဏ္ဍကို ပေးပို့ခဲ့တာ ပါလို့ ပြောပါတယ်။

ကြေးမုံသတင်းစား ဧပြီ ၂၁ ရက်စွဲနဲ့ စာမျက်နှာ ၁၈ မှာ ထမင်းစားရင်း လင်မယားချင်း စကား များရာမှ ဓားဖြင့်ထိုး၍ အထက်တန်းသူနာပြု သေဆုံး ခေါင်းစဉ်နဲ့ သတင်းမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ ခရိုင်၊ ဖြူးမြို့ဆေးရုံးဝင်း ဝန်ထမ်းလိုင်းခန်းမှာ လင်မယား ထမင်းစားရာမှ ရန်ဖြစ် စကားများ ပြီး လုံးထွေးသတ်ပုတ်ရာမှ ခင်ပွန်းဖြစ်သူက အရိုးအသွား ရှစ်လက်မခန့်ရှိတဲ့ ဓားနဲ့ ထိုးခဲ့လို့ ဇနီးဖြစ်သူ အထက် တန်းသူနာပြု အမျိုးသမီးဟာ နေရာမှာပဲ သေဆုံးသွားခဲ့ရတဲ့ သတင်းဖြစ်ပါတယ်။ ဒီသတင်း ကို ဖတ်ပြီး အရင်လက စစ်ကိုင်းတိုင်းက မြို့နယ်တစ်ခုရဲ့ ရွာတစ်ရွာမှာလည်း ခင်ပွန်းဖြစ်သူက စကားများ ရန်ဖြစ်ပြီး အမျိုးသမီးကို ဓားနဲ့ခုတ်လို့ ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်နေတဲ့ ပုံနဲ့ သတင်းကို လည်း ဖတ်လိုက်မိတာ သတိရမိပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ခင်ပွန်းဖြစ်သူက အနိုင်အထက် ပြုကျင့်တာ အကြမ်းဖတ်တာ ခံရတဲ့ အမျိုးသမီးတွေရဲ့ သတင်းများကိုလည်း မကြာခဏ ကြားနေရ တော့ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံမှာ ဒီလို မဖြစ်သင့်ဘူးလို့ ထင်မြင်မိတာကြောင့် ဒီစာကို ရေးခဲ့တာပါလို့ ဆိုပါတယ်။

အခုအခါ မြန်မာနိုင်ငံမှာ ခင်ပွန်းဖြစ်သူက အနိုင်အထက် ပြုကျင့် အကြမ်းဖက်ခြင်းသာမက တော့ပဲ ချစ်သူ ရည်းစားတွေမှာလည်း အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူကို အနိုင်အထက်ပြုကျင့် အကြမ်းဖတ်တာတွေ ပြုလုပ်လာကြတဲ့ သတင်းတွေကို မကြာခဏ သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖတ်ရပါတယ်။ တော်ဝင်စင်တာမှာ အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးကို သူ့ရဲ့ ရည်းစားဟောင်း တစ်ဦးဖြစ်သူက ဓားနဲ့ထိုးလို့ ဆေးရုံရောက်ခဲ့ရတာ၊ ဒဂုံစင်တာမှာလည်း အရောင်းဝန်ထမ်း အမျိုးသမီး တစ်ဦးကိုပဲ ရည်းစားဟောင်းဖြစ်သူက ပထမနေ့မှာ ပါးလာရိုက်ပြီး နောက်နေ့မှာတော့ အမျိုးသမီးငယ် ရဲ့ မျက်နှာကို ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တဲ့ သတင်းတွေ ဖတ်ရတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် များစွာ စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။

သူ့အသက် ၆၀ ကျော်အရွယ်မှာ အခုလိုအချိန်မှာ ဒီသတင်းတွေကို ကြားဖူး ဖတ်ဖူးပါတယ်။ သူတို့ငယ်စဉ်က ဒီလိုမျိုး မှုခင်းအဖြစ်အပျက်တွေ နည်းပါးပြီး မကြားရမိသလောက်ပါပဲ။ ဒီလိုတွေ ဘာကြောင့် ဖြစ်ရသလဲဆိုတာကို နိုင်ငံတော်အဆင့်နဲ့ အောက်ခြေလူထု အဆင့်တွေ ပူးပေါင်းပြီး အဖြေရှာလို့ ဒီလိုမှုခင်းမျိုးတွေ နည်းပါးအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ သူ့အမြင်ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပြီး အဲဒီ့အကျိုး ဆက်က လူမှုဆက်ဆံရေး ပေါ်ပေါက်လာတယ်လို့ ထင်မြင်မိပါတယ်။ အမှုတစ်ခု ဖြစ်လာရင် ဥပဒေ အရ အရေးယူနေလို့ ချည်းအမှုတွေ ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဘာကြောင့် ဖြစ်ရလဲ။ ဒီလို မဖြစ်အောင် ကြိုးတင်ပြီး ဘယ်လို စီမံထားသင့်သလဲ ဆိုတာက အရေးကြီးပါတယ်လို့ ဆိုပါတယ်။

အခုအချိန်အခါမျာ ခင်ပွန်းနဲ့ ရည်းစားတွေက အမျိုးသမီးတွေကို အနိုင်အထက် ပြုကျင့် အကြမ်းဖတ်ရုံတင်မကဘဲ အရွယ်မရောက်သေးတဲ့ မိန်းခလေးငယ်တွေကို အမျိုးသားကြီးတွေက မဖွယ်မရာ ပြုကျင့်တာ၊ အရွယ်ရောက်ပြီး အမျိုးသမိးတွေကို အခြားယောကျ်ား၊ အမျိုးသားတွေက အဓ္ဓမ ပြုကျင့်တာတွေက တစ်နေ့တစ်နေ့ ဖတ်နေရပါတယ်။ ဥပဒေနဲ့ ဘယ်လိုပဲ ဖော်ထုတ်အရေးယူပါ စေ၊ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဘဝမှာ အတိတ်ရဲ့ ဖြစ်ရပ်ဆိုးကို ကျော်လွှား သွားနိုင်ဖို့ ဘဝ မှာ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်သွားဖို့ဆိုတာ မလွယ်တဲ့ အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ရှိသူများအနေနဲ့ ဒီလိုအဖြစ်မျိုးတွေ မြန်မာနိုင်ငံမှာ မကြုံတွေ့ရလေအောင် ကာကွယ်စောင့် ရှောက်ပေးစေလိုပါတယ်။ ဒီလိုအကြမ်းဖတ်တဲ့ လုပ်ရပ်မျိုးလုပ်တဲ့ အမှုတွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ပေးပါ။ မဖြစ်အောင် ကြိုတင်ကာကွယ်မှုအတွက် ပညာစတင် သင်ကြားတဲ့ အရွယ် ကနေ ပညာရေးဆုံးခန်းတိုင် ဘွဲ့ရသည်အထိ ကောင်းမွန်တဲ့ စိတ်ထားနဲ့ အပြုအမူ၊ ယဉ်ကျေးတဲ့ ပြောဆိုဆက်ဆံမှု၊ ကိုယ်ချင်းစားတရားထားမှုတွေ ပညာပေးနိုင်တဲ့ ပညာရေးစနစ်မျိုး အကောင်အ ထည် ဖော်ပေးစေလိုတာကြောင့် မဇ္ဈိမ စာဖတ်သူကဏ္ဍကို အကြံပြု ရေးသားပေးပို့လိုက်ပါတယ်ဆိုတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly