တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့တွေ့ဆုံကာ နယ်စပ်ဒေသအရေးဆွေးနွေး

By Spring
17 October 2023
တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့တွေ့ဆုံကာ နယ်စပ်ဒေသအရေးဆွေးနွေး

တရုတ်အထူးကိုယ်စားလှယ် တိန်ရှီကျွင်း နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံနယ်စပ်ဒေသတွေကို အခြေပြုပြီး အိမ်နီးချင်းတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေကို လက်သင့်မခံတဲ့အကြောင်း မြန်မာစစ်ခေါင်းဆောင်က တရုတ်ကိုယ်စားလှယ်ကို ပြောကြားခဲ့တယ်လို့သိရပါတယ်။

ဘယ်လို လုပ်ဆောင်ချက်တွေဆိုတာကို စစ်ကောင်စီဘက်က တိတိကျကျ သတင်းထုတ်ပြန်တာမရှိပေမဲ့ တရုတ်က အမြစ်ဖြတ်နှိမ်နင်းဖို့ ပြောနေတဲ့ တရုတ်-မြန်မာနယ်စပ်နဲ့ မြန်မာ-ထိုင်းနယ်စပ်မှာ လှုပ်ရှားနေတဲ့ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကိစ္စကို စစ်ခေါင်းဆောင်က ပြောဆိုတာဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့နယ်စပ်မှာ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို အဓိကဆောင်ရွက်မယ်လို့လည်း စစ်ခေါင်းဆောင်က တရုတ်ကိုယ်စားလှယ်ကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မှာ စစ်တပ်နဲ့ တအာင်းတပ်တို့ကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေတာ၊ တရုတ်နယ်စပ်အနီးက ကချင်လွတ်လပ်ရေးတပ်(KIA) ဌာနချုပ် လိုင်ဇာအနီး လက်နက်ပေါက်ကွဲလို့ လူ ဆယ်ချီသေဆုံးမှုတွေဖြစ်ခဲ့တာတွေ အပြီးမှာ နယ်စပ်တည်ငြိမ်ရေးလုပ်မယ်လို့ စစ်ခေါင်းဆောင်က ပြောလာတာဖြစ်ပါတယ်။

တဖက်မှာလည်း တရုတ်နိုင်ငံသားတွေ ပါဝင်ပတ်သက်နေသလို မြန်မာနယ်စပ်တွေမှာ အခြေပြုလှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစား လုပ်ငန်းတွေကို မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဦးဆောင် နှိမ်နင်းနေတာဖြစ်ပါတယ်။

နိုင်ငံပြိုကွဲစေမယ့် လုပ်ဆောင်မှုတွေကို လက်မခံကြောင်း၊ နိုင်ငံတကာစာမျက်နှာမှာ တရားဝင်အခွင့်အရေး၊ အကျိုးစီးပွားရေးနဲ့ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်းအပေါ် တရုတ်နိုင်ငံက ထောက်ခံပါကြောင်း တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ပြောကြားခဲ့တယ်လို့သိရပါတယ်။

တရုတ်အထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) ၈ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့ နေပြည်တော်ကို ရောက်နေခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ NCA စာချုပ်မှာ နိုင်ငံတကာအသိသက်သေအဖြစ် ပါဝင်လက် မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ (NCA) ၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ အာရှရေးရာအထူးကိုယ်စားလှယ်ဖြစ်တဲ့တရုတ် အပါအဝင် အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကလည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ‘ခေတ်သစ်ပိုးလမ်းမကြီး’လို့ လူသိများတဲ့ BRI စီမံကိန်းအကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပြီး တည်ဆောက်ရေးကိုလည်း အရှိန်မြှင့်တင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly