အနုပညာလွတ်လပ်စွာထုတ်ဖော်ခွင့်ဆုံးရှုံးနေသေးကြောင်း ကဗျာဆရာမောင်ဆောင်းခပြောကြား

အနုပညာလွတ်လပ်စွာထုတ်ဖော်ခွင့်ဆုံးရှုံးနေသေးကြောင်း ကဗျာဆရာမောင်ဆောင်းခပြောကြား
ဓာတ်ပုံ-ယဉ်မွန်

လက်ရှိ အကျဉ်းထောင်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲဆိုခံထားရသော ကဗျာမောင်ဆောင်းခ အနေဖြင့် မိမိတို့ကို စွဲဆိုထားသော အမှုများရုတ်သိမ်းခြင်းမပေးခြင်းကြောင့် မြန်မာနိုင်ငံတွင် အနုပညာလွပ်လပ်စွာ ထုတ်ဖော်ခွင့်ဆုံးရှုံးနေသေးသည်ကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းက ရွှေပြည်သာတရားရုံးတွင် ပုဒ်မ ၆၆ ဃ ဖြင့် တရားရင်ဆိုင်ရန်ရောက်ရှိလာသော ကဗျာဆရာမောင်ဆောင်းခက မီဒီယာများ၏မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

" အဓိကကတော့ ကဗျာတစ်ပုဒ်ပေါ်မှာ လိုရာဆွဲတွေးပြီး တရားစွဲဆိုခြင်းဟာ အနုပညာဆိုင်ရာ လွတ်လပ်ခွင့် ထုတ်ဖော်ခွင့်တွေ  မြန်မာနိုင်ငံမှာ ဆုံး၇ှုံးနေသေးတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။ဒါလက်ရှိ အစိုးရသစ်လက်ထက်ကိုပြောတာပါ။ ပြီးတော့ အန်တီပြောနေကြစကားလေးတစ်ခွန်းပဲ ပြန်ပြောပါရစေ။ ဒီမိုကရေစီအစိုးရသစ်လက်ထက်မို့ မြန်မာပြည်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရှိနေတာတောင် များလွန်းပါတယ်လို့ ပြောခဲ့ဘူးပါတယ်။အဲဒီလိုပဲ ပြောချင်ပါတယ်။" ဟု မောင်ဆောင်းခက ပြောကြားခဲ့သည်။

အစိုးရသစ်တက်လာပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုများဖြင့် အကျဉ်းထောင်ထဲတွင်ရောက်ရှိ၊ တရားရင်ဆိုင်နေရသောသူများကို အမှုမှပလပ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့သော်လည်း မောင်ဆောင်းခအနေဖြင့် လွတ်မြောက်ခြင်းမရှိခဲ့ပဲ ဆက်လက်တရားရင်ဆိုင်နေရသည့်အတွက် အစိုးရသစ်တွင် အခြားအကြောင်းအရာများရှိနိုင်ကြောင်း သူ၏သုံးသပ်ချက်အား ပြောကြားခဲ့သည်။ 

" ဒီနေ့ ကျွန်တော်မျှော်လင့်တာက ၆၆ ဃ အမှုကို ပိတ်သိမ်းမယ်လို့ မျှော်လင့်တယ်။ဒါပေမယ့် ဒီနေ့မပိတ်သိမ်းဘူး။ ဘယ်တော့မှလည်း ပိတ်သိမ်းမယ်လို့ မထင်တော့ဘူး။သူတို့မှာ အခြားခက်ခဲတဲ့အကြောင်းအရာတွေရှိမယ်လို့ ထင်တယ်။ အခုဖြစ်တာက အွန်လိုင်းမှာ ဖြစ်တာပါ။ ဆက်ရင်ဆိုင်သင့်တယ်ထင်လို့ မဖြုတ်သိမ်းတာလို့ မြင်တယ်။ ဒါဟာ ဖြုတ်မယ်ဆိုလည်း ဖြုတ်သင့်တဲ့အရာပါ။ ဒါ လက်နက်ပုဒ်မလည်း မဟုတ်ဘူး။ အကြမ်းဖက်တဲ့သူလည်း မဟုတ်ဘူး။ ဒါကို မပိတ်သိမ်းဘူးဆိုတော့ အစိုးရရဲ့ နောက်ကွယ်မှာ အခြား အကြောင်းတရားတွေရှိနေမယ်လို့ ယူဆမိပါတယ်။ " ဟု မောင်ဆောင်းခက ဖြေကြားခဲ့သည်။

ယနေ့တွင် ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ဖြင့်အမှုရင်ဆိုင်နေရသော မောင်ဆောင်းခလွတ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လွတ်မြောက်ခြင်းမရှိခဲ့သည့်အပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် လွတ်မြောက်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားခဲ့သည်။

" ဒီနေ့ အမှုတွေကနေ လွတ်မယ်လို့ ထင်ထားပေမယ့် အခုလို ဖြစ်တဲ့အတွက် စိတ်မကောင်းပါဘူး။ကျွန်တော် အခု AAPP ကိုတော့ စာတင်ထားပါတယ်။ ဆက်သွယ်ရေးပုဒ်မတွေဟာ နိုင်ငံရေးပုဒ်မတွေဖြစ်တဲ့အကြောင်းကိုပေါ့။ ဒီလူတွေလည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးစေချင်ပါတယ်။ " ဟု ဦးရောဘတ်စန်းအောင်က ပြောကြားခဲ့သည်။

ကဗျာဆရာမောင်ဆောင်းခသည် အကျဉ်းထောင်ထဲတွင် ၆ လနီးပါးနေထိုင်ကာ အမှုရင်ဆိုင်နေရသောကြောင့် လူ့အခွင့်အရေးဆုံးရှုံးနေသည်ဟု ထင်မိကြောင်းပြောကြားခဲ့သည်။ မောင်ဆောင်းခကို ဧပြီလ ၂၅ ရက်နေ့တွင် ထပ်မံရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly