မြန်မာအရေး ICC ကိုလွှဲပြောင်းဖို့ ကုလမဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီ ပယ်ချ

By မဇ္ဈိမ 
16 October 2023
မြန်မာအရေး ICC ကိုလွှဲပြောင်းဖို့ ကုလမဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီ ပယ်ချ

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာကိစ္စအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC)သို့ လွှဲပို့ရေး သုံးသပ်အကြံပြုချက်တွေကို ပယ်ချကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

၅၄ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ ဆွေးနွေးခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ၂ ခုက အကြောင်းအရာတွေဟာ လူ့အခွင့်အရေးယန္တရားတွေရဲ့လက်မခံနိုင်တဲ့အပြုမူတွေလို့ဆိုပြီး စစ်ကောင်စီ ဘက်က ပယ်ချလိုက်တာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာလ ၁၁ ရက်ကနေ အောက်တိုဘာလ ၁၃ ရက်အတွင်း ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာ့နိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)က အစီရင်ခံစာတင်ပြခဲ့တာနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အဲဒီအစီရင်ခံစာ အပေါ် အပြန်အလှန်ဆွေးနွေးတာတွေပြုလုပ်ခဲ့တာကို စစ်ကောင်စီက ပယ်ချတာဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီမဟာမင်းကြီးကတော့ မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုးရွာနေတာတွေကို ထောက်ပြပြီး မြန်မာ့အရေးကို ICC ကို လွှဲပြောင်းဖို့ ကောင်စီမှာ ဆွေးနွေးထားပါတယ်။
လူ့အခွင့်အရေးကောင်စီဟာ တရားစွဲဆိုတဲ့ ယန္တရားထူထောင်ရန်လုပ်ပိုင်ခွင့်မရှိဘဲ IIMM ကို ထူထောင်ခဲ့တာ၊ IIMM ရဲ့ လုပ်ပိုင်ခွင့်ကို မြန်မာက အသိအမှတ်မပြုတာ၊ ဒါ့အပြင်  IIMM က စုဆောင်းခဲ့တဲ့ အချက်အလက်အပိုင်းအစ ၂၃ သန်းကိုလည်း သံသယရှိတဲ့အကြောင်း စစ်ကောင်စီဘက်က ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ပြုလုပ်တဲ့ အဆိုပါဆွေးနွေးပွဲတွေရဲ့ လုပ်နည်းလုပ်ဟန်တွေဟာ  တစ်ဖက်သတ်ဖြစ်နေပြီး သက်ဆိုင်တဲ့ နိုင်ငံထံမှပူးပေါင်းမှုမရရှိဘဲ မျက်ကွယ်မှာ ကျင်းပခြင်းကြောင့် ပိုပြီး တစ်ဖက်စောင်းနင်းဖြစ်ခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့  ထုတ်ပြန်ချက်မှာပါရှိပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီး ဗော်ခါတာ့ခ်ကတော့ မြန်မာပြည်က လူ့အခွင့်အရေးအခြေအနေတွေဟာ ပိုဆိုးလာနေပြီး စစ်တပ်က နိုင်ငံထဲမှာရှိတဲ့ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင်တွေကို လှိုက်စားနေလို့ မြန်မာ့အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းဖို့ လုံခြုံရေးကောင်စီကို တောင်းဆို ခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်မှာ ရိုဟင်ဂျာမရှိဘူးဆိုတဲ့ အချက်ကို စစ်ကောင်စီဘက်က ထပ်လောင်းပြောလာသလို အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြသူတွေဖြစ်ပြီး ဒီလူတွေ နေရပ်ပြန်လာရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly