အဂတိလိုက်စားမှုများပေါ်ပေါက်ပြီးနောက် စစ်ကောင်စီက စက်သုံးဆီကြီးကြပ်ရေးကော်မတီကို အသစ် ပြန်ဖွဲ့

By 001 (မဇ္စျိမ)
16 October 2023
အဂတိလိုက်စားမှုများပေါ်ပေါက်ပြီးနောက် စစ်ကောင်စီက စက်သုံးဆီကြီးကြပ်ရေးကော်မတီကို အသစ် ပြန်ဖွဲ့

ပုဂ္ဂလိကလုပ်ငန်းရှင်များထံ နိုင်ငံခြားငွေရောင်းချမှုနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုများ ပေါ်ပေါက်ပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်း ပြီး အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။

ယခင်ကော်မတီတွင် ပါဝင်သူအချို့ လာဘ်စားမှုကြောင့် ရာထူးမှ ထုတ်ပယ်ခံရခြင်း၊ ဈေးနှုန်းမတည် ငြိမ်မှုနှင့် မြို့အချို့ရှိ ဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီးနောက် စစ်ကောင်စီက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို အသစ်ပြန် လည် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ဦးညွန့်အောင်ဦးဆောင်သည့် ကော်မတီဟောင်းတွင် ဒုတိယဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ လာဘ်စားမှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု၊ နိုင်ငံခြားငွေ တရားမဝင်လက်ဝယ်ထားရှိမှုတို့ဖြင့် လွန်ခဲ့သည့် တပတ်က ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံလိုက်ရသည့် ဗိုလ်မှူးချုပ်ဟောင်းရန်နောင်စိုးက တာဝန် ယူထားခြင်းဖြစ်သည်။

ယခင် ကော်မတီဟောင်းတွင် အဖွဲ့ဝင် ၁၀ ဦးရှိပြီး အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် အဖွဲ့ဝင် ရှစ်ဦးသာပါဝင်တော့မည်ဖြစ်ကာ ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် ဒုတိယဥက္ကဋ္ဌ ခန့်အပ်ခြင်းမရှိတော့ဘဲ စွမ်းအင်ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူး၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ချုပ် က တွဲဖက်အတွင်းရေးမှူးနှင့် အခြားသက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ချုပ်၊ ဒုညွှန်ချုပ် အဆင့်ရှိသူများက အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်သည်။

ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သြဂုတ်လနှောင်းပိုင်းမှစ၍ ရန်ကုန်နှင့် နေပြည် တော်တို့မှ လုပ်ငန်းရှင်ရာဂဏန်းနီးပါးကို ခေါ်ယူစစ်ဆေးပြီးနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင် သည့်  ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ စီးကူး ဒုဝန်ကြီး ဦးညွန့်အောင်နှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ဖမ်းဆီးစစ်ဆေးပြီး ရာထူးမှထုတ်ပယ်ကာ ဒုတိယ‌ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်မှူးချုပ်အဆင့်ရှိသူတို့အား နှစ် ၂၀ နှင့် ညီမျှသော ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့သည်။

ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် စီး၊ ကူး ဒုဝန်ကြီး ဦးညွန့်အောင်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း စတင်ဖွဲ့စည်းခဲ့သည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဗိုလ်မှူးချုပ်ရန်နောင်စိုးမှာ ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ကော်မတီ သက်တမ်း တနှစ်ခွဲခန့်အကြာတွင် ပယ်ဖျက်ခံလိုက်ရခြင်း ဖြစ်သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို စစ်ကောင်စီက ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကဏ္ဍအား ပိုမိုထိရောက်စွာ ထိန်း ကျောင်းကိုင်တွယ်ဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီအရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ကြီးကြပ်ကွပ်ကဲမှုများ ပြုလုပ်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သို့သော် အာဏာသိမ်းကာလနှစ်နှစ်ခွဲကျော်အတွင်း စက်သုံးဆီဈေးနှုန်းမတည်ငြိမ်မှုများ ဆက်လက်ဖြစ် ပေါ်နေကာ ပြီးခဲ့သည့်တပတ်အတွင်းက စက်သုံးဆီဈေးနှုန်း ပြန်လည်ကျဆင်းလာပြီးနောက် ရန်ကုန် အပါအဝင် မြို့အချို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“သူတို့(ဆီဆိုင်)က ဈေးကျသွားပြီဆို မရောင်းတော့ဘူး ဆီကုန်နေတယ်တဲ့။ ပြီးခဲ့တဲ့ရက်ပိုင်းက တချို့ ဆိုင်တွေဆို အစောကြီးကတည်းက ပိတ်တာ။ သွားရင် ဆီမရှိဘူးပြောတယ်။ ပြီးခဲ့တပတ်လောက်က ဈေးနည်းနည်းကျတယ်။ အခုရက်ပိုင်း ဈေးကပုံမှန်အတိုင်းပြန်ဖြစ်သွားပြီ အဲဒီတော့ရောင်းတယ်” ဟု ပြည်မြို့မှဒေသခံတဦးက ပြောသည်။

ပခုက္ကူမြို့မှ ဆီဆိုင်ပိုင်ရှင်တဦးကမူ လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း ခွဲတမ်းဖြင့် သာရရှိနေသည့်အတွက် လောက်ငှမှုအားနည်းသော်လည်း စက်သုံးဆီပြတ်လပ်မှု မရှိသေးဟု ဆိုသည်။

“ခွဲတမ်းနဲ့သွားနေရတာဆိုတော့ ပွင့်လင်းရာသီဆိုရင် လိုအပ်ချက်ပြည့်ဖို့နည်းတာပေါ့။ ပွင့်လင်းရာသီမှာ စက်သုံးဆီအသုံးများတော့ အဲဒီအချိန်ဆို လောက်ငှမှုအားနည်းမယ်။ ခွဲတမ်းချတာတွေက နည်းတာပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ ၏စာရင်းများအရ စက်တင်ဘာလအတွင်း စက်သုံးဆီ လက်လီဈေးနှုန်း အောက်တိန်း(92)တလီတာလျှင် ၂၄၀၀ ကျပ် ၊ 95 တလီတာလျှင် ကျပ် ၂၅၀၀ ကျော်အထိရောက်ရှိခဲ့ပြီး အောက်တိုဘာလ ဒုတိယပတ်တွင် အောက်တိန်း ၉၂ ၊ ၉၅ တလီတာလျှင်  ၂၀၂၀ ကျပ်မှ ၂၁၂၅ ကျပ် ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သည်။

ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် နေပြည်တော်၌ အောက်တိန်း(92) တလီတာလျှင် ၂၀၅၅ တျပ်၊ 95 တလီတာလျှင် ၂၁၆၀ ကျပ်အထိ ပြန်လည်မြင့်တက်လာကြောင်း စစ်ကောင်စီ၏ စက်သုံးဆီကြီးကြပ် ရေးကော်မတီက ထုတ်ပြန်ထားသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly