KNU အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ရှောင် ခုနစ်သိန်းကျော်အထိရှိလာ

By မဇ္ဈိမ 
16 October 2023
KNU အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ရှောင် ခုနစ်သိန်းကျော်အထိရှိလာ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင် ပြည်သူ ခုနစ်သိန်းကျော်ရှိလာကြောင်း KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့  လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှစ်ဖက်တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူလူထု အရေအတွက်မှာ ၇၁၇,၀၀၀ ကျော်ရှိလာပြီး အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအများအပြား လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

 အဆိုပါ စစ်ရှောင်တွေဟာ KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ဒူးသထူ(သထုံ) ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင်များအတွင်းမှဖြစ်ပြီး စစ်ဘေးရှောင်များအနေနဲ့ နေရာထိုင်ခင်းအခက်အခဲများ၊ စားနပ်ရိက္ခာမလုံလောက်မှု အခက်အခဲများ၊ ဆေးဝါးမလုံလောက်မှုအခက်အခဲများနဲ့  ရင်ဆိုင်နေကြရကြောင်း ထုတ်ပြန်ထားပါတယ်။

KNU ညောင်လေးပင်ခရိုင်ထဲမှာ စစ်ဘေးရှောင်ဦးရေ ၂၄၀,၀၀၀ ကျော်နဲ့ အများဆုံးရှိခဲ့ပြီး ဒုတိယနဲ့ တတိယစစ်ရှောင်ဦးရေ အများဆုံးအဖြစ် သထုံခရိုင်မှာ ၁၄၀,၀၀၀ ကျော်၊ ဒူးပလာယာခရိုင်ထဲမှာ ၁၃၀,၀၀၀ နီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။

KNU ဗဟိုမှ နည်းလမ်းရှာစီစဉ်ပေးမှုနဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ငါးသောင်းခွဲခန့်မှ လူဦးရေ ၂၇၀,၀၀၀ ခန့်အတွက် ဘတ် ၉သန်းဝန်းကျင်ရှိ   အခြေခံစားသောက်ကုန်နဲ့ အခြားလိုအပ်ချက်များကူညီပံ့ပိုးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် အခုနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်လာတာနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေမှာ အ ရေးပေါ်လူသားချင်း စာနာမှုအကူအညီအထောက်အပံ့တွေ များစွာလိုအပ်လျက်ရှိနေတယ်လို့ KNU က ထုတ်ပြန်အသိပေးထားပါတယ်။

ညောင်လေးပင်ဟာ ပဲခူးတိုင်းအရှေ့ခြမ်း ဖြစ်ပြီး ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ဒေသပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာတော့ အဲဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ KNU ၊PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။
KNU ကတော့ အခုနှစ်ရဲ့ ၉ လအတွင်းမှာ   စစ်ရေးလှုပ်ရှားရာနယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၃,၅၀၀ ကျော် ဖြစ်ပွားထားတယ်လို့  ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly