စစ်အာဏာသိမ်းကတည်းက NCA ပျက်ပြယ်သွားဖြစ်လို့ နှစ်ပတ်လည်လုပ်တာဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUG ပြော

By မဇ္ဈိမ 
16 October 2023
စစ်အာဏာသိမ်းကတည်းက NCA ပျက်ပြယ်သွားဖြစ်လို့ နှစ်ပတ်လည်လုပ်တာဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUG ပြော

စစ်တပ်အာဏာသိမ်းကတည်းက NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်သလို စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိတဲ့အပြင် အခြေခံမူတွေကို ချိုးဖျက်ခဲ့ပြီးမှ NCA လက်မှတ်ထိုးတဲ့ ရှစ်နှစ်ပြည့်လုပ်မယ်ဆိုတာ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့က ပြည်သူလူထုဆီ လစဉ်ပြောကြားတဲ့ မိန့်ခွန်းထဲ အခုလို ထည့်သွင်း ယာယီသမ္မတဒူဝါလရှီးလက ပြောခဲ့တာပါ။
NCA စာချုပ်ချုပ် ဆိုခဲ့တဲ့ KNU, CNF , ABSDF တို့ကိုယ်တိုင် ပျက်ပြယ်ပြီးဖြစ်ကြောင်း ပြည်သူလူထုတစ်ရပ်လုံးကို အသိပေးထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ 

စစ်ကောင်စီ ဟာ NCA စာချုပ်ကို လိုက်နာမှုမရှိ NCA အခြေခံမူ တွေကို လေးစားမှုမရှိ၊ ချိုးဖျက်ခဲ့ပြီး ကာမှ NCA နှစ်ပတ်လည် လုပ်မယ်ဆိုတာ အင်မတန်မှ မျက်နှာပြောင်တိုက်ရာကျပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်လို့ ယာယီသမ္မတဒူဝါလရှီးလကပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း စစ်ကောင်စီကျင်းပပြုလုပ်မယ့် NCA (၈) နှစ်ပြည့်အခမ်းအနားကို တက်ရောက်ရမယ့် အချိန်မဟုတ်သလို ဒီအချိန်ဟာ ဖြစ်ပျက်မှုတွေကို ပြန်လည်သုံးသပ်ရမယ့် အချိန်ဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက် နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC II) မှာ ကျင်းပနေတာဖြစ်ပါတယ်။

NCA  ၈ နှစ်ပြည့် အခမ်းအနားကို လက်မှတ်ရေးထိုးထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တက်ရောက်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကတော့ မတက်ရောက်ခဲ့ပါဘူး။
ဒါပေမဲ့ အခမ်းအနားကို KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ABSDF ဒုဥက္ကဋ္ဌ ရဲဘော် မျိုးဝင်းတို့ တက်ရောက်ခဲ့ပြီး သူတို့ကတော့ NCA လက်မှတ်ရေးထိုးစဉ်က ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေအနေနဲ့ တက်ရောက်တာ ဖြစ်ပါတယ်။

ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အပစ်ခတ်ရပ်စဲရေး NCA စာချုပ်ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေတယ်လို့ NCA လက်မှတ်ထိုး တော်လှန်ရေး EAO သုံးဖွဲ့ဖြစ်တဲ့ KNU CNF နဲ့ ABSDF ဒီရက်ပိုင်းအတွင်း ကြေညာထားတာပါ။

NCA စာချုပ်ဟာ ပြည်ထောင်စုလွှတ်တော်ကနေ အတည် ပြုပေးထားတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပြီး ဘယ်သောအ ခါမှပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမယ့် စာချုပ်ဖြစ်တဲ့အ တွက် တပ်မတော်အနေနဲ့ NCA စာချုပ်အပေါ်မှာသာ အ လေးထား ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်ကတော့ NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ EAO တွေအနေနဲ့လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေး၊ လူထုစီးပွားဘဝ တိုးတက်မြင့်မားစေရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့ တွေ့ဆုံညှိနှိုင်းရေး ဆွေးနွေးပွဲတွေဆီ အရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်ပြန်ပါတယ်။

NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့နဲ့ စတင် လက်မှတ်ရေးထိုးခဲ့ကြတာပါ။NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ နောက်ထပ် ၂ ဖွဲ့လက်မှတ်ရေးထိုးခဲ့တာကြောင့် NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ ဆယ်ဖွဲ့ ရှိလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားနေတဲ့ကြားက ကျင်းပတ NC နှစ်ပတ်လည် အခမ်းအနားကိုတော့ တရုတ်၊ အိန္ဒိယ၊ ထိုင်းစတဲ့ ဒေသတွင်းနိုင်ငံတချို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတာပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly