အိန္ဒိယ၊ မီဇိုရမ်တွင် ရူပီး ၄၅ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာနိုင်ငံသားကို ဖမ်းဆီး

အိန္ဒိယ၊ မီဇိုရမ်တွင် ရူပီး ၄၅ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာနိုင်ငံသားကို ဖမ်းဆီး
ဓါတ်ပုံ - အဖမ်းဆီးခံရသူနှင့် မူးယစ်ဆေးဝါးများ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်းခရိုင်တွင် ရူပီး ၄၅ ကုဋေ (ကျပ်သန်းပေါင်း ၁၁,၃၅၀ ခန့်) တန်ဖိုးရှိ မက်သာဖက်တမင်း ဆေးပြားများ လက်ဝယ်ပိုင်ဆိုင်မှုအတွက် အသက် ၂၄ နှစ်ရှိ မြန်မာနိုင်ငံသားတဦးကို အာသံရိုင်ဖယ် တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။

အာသံရိုင်ဖယ်တပ်ဖွဲ့သည် သတင်းပေးမှုတခုကို ရရှိသည့်အတွက် ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်က မီဇိုရမ်-မြန်မာ နယ်စပ်ရှိ ချမ်ဖိုင်းခရိုင် ဇိုခေါသာအရပ်တွင် စီးနင်းဖမ်းဆီးမှုတခုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စီးနင်းဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသားတဦးထံမှ ရူပီး ၄၅ ကုဋေ တန်ဖိုးရှိ မက်သာဖက်တမင်း မူးယစ်ဆေး ၁၅ ကီလိုဂရမ်ခန့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးမိသည့် မြန်မာနိုင်ငံသားတို့ကို နောက်ထပ် ဥပဒေဆိုင်ရာ အရေးယူဆောင်ရွက်ရန်အတွက် ချမ်ဖိုင်းရဲဌာနသို့ လွှဲပြောင်းပေးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမတိုင်မီ အောက်တိုဘာ ၁၂ ရက်ကလည်း အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ယစ်မျိုးခွန်နှင့် မူးယစ်ဆေးဝါးဌာနတို့သည် ရူပီး ၁၂ ကုဋေ တန်ဖိုးရှိ မက်သာဖက်တမင်း ဆေးပြား ၄၀,၄၀၀ နှင့်အတူ လူနှစ်ဦးကို ဖမ်းမိခဲ့သေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly