NCA ဖြစ်စဥ်အားလုံး အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားကြောင်း CNF ပြော

By ပါခွီး (မဇ္စျိမ)
16 October 2023
NCA ဖြစ်စဥ်အားလုံး အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားကြောင်း CNF ပြော

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)သည် စစ်တပ်က နိုင်ငံတော်အာဏာ ကို အဓမ္မသိမ်းယူပြီးနောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)၏ ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီကပြောသည်။

NCA စာချုပ်လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်မြောက် နှစ်ပတ်လည်အခမ်းနားတွင် အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည့် သမိုင်းဝင် စာချုပ်တခုဖြစ်သောကြောင့် မည်သည့်အခါမျှ ပျက်ပြယ်သွားမည်မဟုတ်ကြောင်းပြောဆိုခဲ့သည့် အပေါ် CNF ပြောရေးဆိုခွင့်ရှိသူမှ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့ အစည်းများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန် ၊ ထိုင်းအစရှိသည့် နိုင်ငံများမှ သံတမန်အသိသက်သေ များရှေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

“အာဏာသိမ်းပြီးကတည်းက NCA ဖြစ်စဥ်အားလုံး ရေစုန်မျောပျက်ပြယ်သွားပါပြီ၊ NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ စစ်တပ်၊ အစိုးအရ၊ နိုင်ငံရေးပါတီနဲ့ လွှတ်တော်ဆိုပြီး အစုအဖွဲ့ငါးခုနဲ့သယ် ဆောင်တာ။ အာဏာသိမ်းလိုက်တော့ အစိုးရ၊ လွှတ်တော်မရှိတော့ဘူး။ ဆိုတော့ NCA ကို စစ်တပ်နဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ကပဲ သယ်ဆောင်လို့မရတော့ဘူး” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီသည် ၎င်းတို့၏ရှေ့လုပ်ငန်းစဥ်အတွင်းက NCA ကို တွန်းနေခြင်းဖြစ်ပြီး နိုင်ငံအတွင်း ယနေ့ ဖြစ်ပေါ်နေသောအကျပ်အတည်းကို NCA အဆင့်လောက်ဖြင့် ဖြေရှင်းရန် လုံးဝမဖြစ်နိုင်ကြောင်းဆိုသည်။

NCA လက်မှတ်ရေးထိုးပြီးသော အဖွဲ့များအနေဖြင့် စာချုပ်ပါ ကတိကဝတ်များကို စောင့်ထိန်းသွားကြရန် နှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များအနေဖြင့်လည်း ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် ပါဝင်နိုင်ရန် ဆွေးနွေးပွဲများဆီသို့လာကြရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ရှစ်နှစ်မြောက်နှစ်ပတ်လည် မိန့်ခွန်းတွင် သတိပေးပြောကြားခဲ့သည်။

စာချုပ်ပါကတိများကို စစ်ကောင်စီကသာလျှင် မစောင့်ထိန်းခြင်းဖြစ်ကြောင်း ယခုကဲ့သို့ ပြည်သူများ အပေါ် အကြမ်းဖက်နေသရွေ့ NCA ၊ ရွေးကောက်ပွဲ စသည့်လုပ်ငန်းစဥ်များ ဖြစ်လာနိုင်စရာအကြောင်း မရှိဟု CNF ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်သည်။

စစ်ကောင်စီကပြုလုပ်သော NCA ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့အစီစဥ်ကို တက်ရောက်သည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်အာဏာရှင်နှင့်ပေါင်းပြီး တကိုယ်ရေ နိုင်ငံရေးကိုယ်ကျိုး ရှာနေခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ဝေဖန်ပြောကြားခဲ့သည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)နှင့်ပတ်သက်ပြီး လက်မှတ်ရေးထိုးခဲ့သော မြန် မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့က အောက်တိုဘာလ ၁၂ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့ကြ သည်။

ယင်းထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှုဖယ်ရှားပြီး နိုင်ငံရေး၌ စစ်တပ်ပါဝင်မှုအဆုံးသတ်ကာ စစ်တပ် ကို ပြန်လည်ဖွဲ့စည်းပြီး အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင်အပြည့်အဝထားရှိရန် ဘုံနိုင်ငံရေး ရည်မှန်းချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သက်ဆိုင်သူများအားလုံးလက်ခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲပြဌာန်းရန်နှင့် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဥ်များဖော်ဆောင်ရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းလုပ်ငန်းစဥ် အကောင်အထည်ဖော်မှုအဆင့်တိုင်းတွင် နိုင်ငံတကာ၏ ကြားဝင်ညှိနှိုင်းမှု၊ နည်းပညာ ပံ့ပိုးကူညီမှု၊ လေ့လာစောင့်ကြည့်မှုနှင့် ဘဏ္ဍာရေးထောက်ပံ့ကူညီမှုများပါဝင်ရေးတို့ကို သဘောတူညီ ထားကြရန် အဆိုပါအဖွဲ့သုံးဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို  ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့က လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ခြင်းဖြစ် သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU)တို့က ထပ်မံလက်မှတ်ရေးထိုးခဲ့သဖြင့် စစ်တပ်မှအာဏာမသိမ်းခင်က တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ကိုးဖွဲ့နှင့် ကျောင်းသားတပ်မတော်အပါအဝင် စုစုပေါင်း ၁၀ ဖွဲ့ အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

NCA ရှစ်နှစ်ပြည့်အခမ်းအနားကို လက်မှတ်ရေးထိုးထားသည့် KNU/KNLA-PC ၊ DKBA, RCSS, PNLO, ALP နှင့် LDU တို့တက်ရောက်ခဲ့ကြောင်းသိရသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly