နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

မွန်ပြည်နယ်၊ ရေးမြိုနယ်အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွင် ရန်သူ အင်အား (၁၀၀) ထပ်တိုးစုဝေးဆိုသည့် မြေပြင်သတင်း အတိအကျရရှိခဲ့တာကြောင့် ဒေါနစစ် ကြောင်းနှင့် မဟာမိတ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ် များကိုမီးရှို့နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ်အကူညီများ လိုအပ်နေ ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်းစာနာ ထောက်ထားရေး ဌာနမှ သိရသည်။

စစ်ကောင်စီတပ်သားများ ယုံကြည်ချက်မဲ့စွာ တိုက်နေရချိန် ရန်သူ့အားနည်းချက်ကို သုံးသပ်ပြီး တော်လှန်ရေး အရှိန်မြှင့်ဖို့ အမျိုးသားညီညတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်ကျောင်းဝင်းအနီး ဖက်ဒရယ်စမ်းရေ အိမ်ရာမြေကွက်များသည် တစ်ပတ်အတွင်း ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်ဖိုး ရောင်းချခဲ့ရကြောင်း The End of Dictatorship က ထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ ပခန်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်စဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တဦးအသေဖမ်းမိပြီး တဦးမှာ ဒဏ်ရာများဖြင့်ထွက်ပြေးလွတ်မြောက်သွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ညအချိန် ခရီးသွားလာ ခြင်းမပြုကြရန် တနင်္သာရီတိုင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့က အသိပေးချက် ထုတ်ပြန် ထားသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာအနီးဝန်းကျင်၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မန္တလေးတိုင်း၊ တောင်သာမြို့ ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

မန္တလေးမြို့တွင်းနှင့်မြို့ပြင် စစ်ဆင်ရေးများကို အရှိန်မြှင့်တိုက်ခိုက်နိုင်ရန် “မြို့ပြရဲ့ လင်းယုန်များ” ကမ် ပိန်းတွင် ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း မြန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးတဝိုက်ရှိ မီးဘေးသင့်ပြည်သူတွေအတွက် ချင်းတွင်းမြစ်ကမ်း ဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် "တော်လှန်ရေး အနုပညာ ရန်ပုံငွေပွဲ" ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ‎ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်း‎ရှောင်နေရကြောင်း ဒေသပြည်သူများက ပြောသည်။

ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းနှင့် ပြည်သူများ ပူးပေါင်းကာ "မုန်လိုင်ခက် ကျဆုံးပြည်သူများနှင့်အတူရပ်တည်ပါသည်" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ကို အောက်တိုဘာ ၁၄ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး ဒေသတွေမှာ တိုက်ပွဲများ ဖြစ်ပွား လျက်ရှိရာ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်မြေပြင်ရှိ ၎င်းတို့တပ်ဖွဲ့များဆီကို လေထီးနှင့် ရိက္ခာ ပစ္စည်းများချပေးခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

NCA သဘောတူညီချက် လုံး၀မရှိတော့ဘဲ တော်လှန်ရေး ‌အောင်မြင်သည်အထိ ရှေ့ကနေ မားမားမတ်မတ် ရပ်ကာ ဦးဆောင်တိုက်ပွဲဝင်မည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင်ထုတ်ပြန်သည်။

မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီမှ ဖျက်ဆီး၍ ပျက်ပြယ်ပြီးဖြစ်သော တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒကို အခြေပြု ဖိအားပေးလုပ်နေသည့် ဆွေးနွေးပွဲများ ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းများ၊ အတုအယောင်ရွေးကောက်ပွဲ စသည်တို့သည် ဟန်ပြများ သာဖြစ်၍ လက်ခံယုံကြည်ခြင်းလုံး၀မရှိကြောင်း ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)က ယနေ့ ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်နယ်၊ "ဝ" ပြည်နယ်အာဏာပိုင်များက တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်မှုလုပ်သူ ၂၃၅၀ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်လိုက်ကြောင်း "၀" တပ်ဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် စစ်တပ်က အတားအဆီးဖြစ် နေပြီး စစ်အာဏာရှင် တော်လှန်ရေး အောင်မြင်မှုရသည်အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဦးဆောင်တိုက်ပွဲဝင်မည်ဟု ယနေ့ တရားဝင် ကြေညာသည်။

NCA အသိသက်သေနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်သင့်ကြောင်း အပစ်ရပ်အဖွဲ့တွေက ထုတ်ပြန် တိုက်တွန်းလိုက်သည်။

စစ်ကောင်စီ

ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်သည် မအူပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့အနီးရှိ ဒိန်ဂါကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ သွေးထိုးမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစ်စတစ်စပေါ်ခဲ့တာဖြစ်ပြီး တပ်မတော်ကို မုန်းတီးလို့ ပေါ်ပေါက်လာသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ယနေ့အထိမရှိသေးကြောင်း  အာဏာလုအကြမ်း ဖက်စစ် ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာကိစ္စအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC)သို့ လွှဲပို့ရေး သုံးသပ်အကြံပြုချက်များကို ပယ်ချကြောင်း အကြမ်းဖက် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံက ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံကြရန်ဆိုပြီး မော်စကိုမြို့သို့ ရောက်ရှိစဉ် စစ်ကောင်စီလျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ဖိတ်ခေါ်ပြောဆိုခဲ့ကြောင်း သတင်းထုတ် ပြန်ချက်အရ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနား ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီမှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၁၅ ရက် သုံးသပ်ချက်

နိုင်ငံအနှံလူသတ်အကြမ်းဖက်လုပ်ရပ်များ နေ့စဉ်ပြုလုပ်နေသည့် စစ်တပ်ကို တိုင်းရင်းသားများအပါအဝင် ပြည်သူအားလုံးက ရွံ့ရှာမုန်းတီးနေသည်ကို မျက်ကွယ်ပြုရူးချင်ယောင်ဆောင်ပြီး တိုင်းရင်းသားများသည် စစ်တပ်ကို မမုန်းကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီကြောင့်သာ မုန်းရတာပါဆိုပြီး မရှိတော့သည့် ဗမာပြည်ကွန်မြူနစ်ပါတီကို အတင်းထိုးချနေသည်မှာ ရှက်တတ်မယ်ဆိုလျှင် မင်းအောင်လှိုင်အဖို့ ရှက်စရာပင်ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီမှ တိုက်ပွဲများဖော်ဆောင်လာသည့်အတွက် နေရာတချို့တွင် ဆက်တိုက်ဆိုသလို တိုက်ပွဲများဖြစ်နေပြီး ယင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်များ အထိနာနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required