ယူ-၂၃ လက်ရွေးစင်ဂိုးသမား အောင်ဝေဖြိုးအား ဇေယျာရွှေမြေအသင်း ခေါ်ယူရန် ကြိုးပမ်း

ယူ-၂၃ လက်ရွေးစင်ဂိုးသမား အောင်ဝေဖြိုးအား ဇေယျာရွှေမြေအသင်း ခေါ်ယူရန် ကြိုးပမ်း
ရန်ကုန်အသင်းနှင့်အတူလေ့ကျင့်နေသည့် ဂိုးသမားအောင်ဝေဖြိုးကိုတွေ့ရစဉ် (ဓါတ်ပုံ YUFC)

ဧပြီ ၂၂ ၊ ရန်ကုန်။           ။ ယခုနှစ် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ရာသီဝက် အပြောင်းအရွေ့ဈေးကွက်ဖွင့်ချိန်တွင် ဇေယျာရွှေမြေအသင်းအနေဖြင့် ရန်ကုန်ယူနိုက်တက် အသင်းမှ ယူ-၂၃ လက်ရွေးစင်ဂိုးသမား အောင်ဝေဖြိုးအား ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည် ဟု ဇေယျာရွှေမြေအသင်းမီဒီယာ တာဝန်ခံ ကိုကျော်ကျော်မိုးက ပြောသည်။

ဇေယျာရွှေမြေအသင်းသည် ဂိုးသမားအောင်ဝေဖြိုး အပါအဝင် ရန်ကုန်အသင်းမှ ကွင်းလယ်လူ သီဟဇော်၊ မကွေးအသင်းမှ ချိုထွန်းနှင့် မျိုးမင်းဇော်၊ ဇွဲကပင်ယူနိုက်တက်အသင်းမှ ကောင်းစည်သူ တို့ကိုလည်း ခေါ်ယူခွင့်ရရန် ကမ်းလှမ်းမှုများ ပြုလုပ်ထားလျက်ရှိသည်။

“ အပြောင်းအရွေ့ရာသီမှာ အသင်းကို ကစားသမားတွေ ထပ်ဖြည့်ဖို့စီစဉ်နေပါတယ်။ ရန်ကုန်အသင်းက လူငယ်ကစားသမားတွေဖြစ်တဲ့ အောင်ဝေဖြိုး၊ သီဟဇော် တို့အပါအဝင် အခြားအသင်းက ကစားသမားတွေကိုလည်း ကမ်းလှမ်းထားပါတယ်။

အဌားခေါ်ဖြစ်မလား အပြီးသတ်ခေါ်ဖြစ်မလား ဆိုတာတော့ သူတို့ရဲ့ သက်ဆိုင်ရာကလပ်အသင်းတွေနဲ့ ဆိုင်ပါတယ်။ အသင်းအနေနဲ့တော့ အဌားပဲရရ အပြီးသတ်ပဲရရ ခေါ်ဖို့အသင့်ပါပဲ။
နိုင်ငံခြားသားကစားသမား တစ်ယောက်ထပ်ခေါ်ဖို့လည်း စီစဉ်နေပါတယ်။ တိုက်စစ်မှူး (သို့) ကွင်းလယ်တိုက်စစ် ဖြစ်ဖို့များပါတယ်။ ဒုကျော့အတွက်တော့ အသင်းကို အကောင်းဆုံးပြင်ဆင်နေပါတယ် ” ဟု ကိုကျော်ကျော်မိုးက ပြောသည်။

ဇေယျာရွှေမြေအသင်းသည် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များပြီးဆုံးချိန်တွင် သုံးပွဲသာ အနိုင်ရထားပြီး လေးပွဲရှုံး လေးပွဲသရေရလဒ်ဖြင့် ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ရှစ်နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly