အိန္ဒိယက အာဖဂန်နစ္စတန်တွင် ဖွံ့ဖြိုးရေးအကူအညီနှင့် စီမံကိန်းများ ပြန်လည်စတင်

By The Khaama Press
14 October 2023
အိန္ဒိယက အာဖဂန်နစ္စတန်တွင် ဖွံ့ဖြိုးရေးအကူအညီနှင့် စီမံကိန်းများ ပြန်လည်စတင်

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာပြန်ရလာပြီးနောက် လုပ်ပိုင်ခွင့်အာဏာ အပြောင်း အလဲများကြောင့် တစ်ကမ္ဘာလုံးက ရင်တမမဖြင့် စောင့်ကြည့်ခဲ့ရပြီး နိုင်ငံနှင့်ပြည်သူများအတွက် မသေချာ မရေရာမှုနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

တာလီဘန်များ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လသည် နိုင်ငံ၏သမိုင်းအတွက် အရေးပါသည့် အခိုက်အတန့်တစ်ခု ဖြစ်သည်။ အဆိုပါအခြေအနေသည် ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံကိုပါ တုန်လှုပ် သွားစေခဲ့သည်။

ယင်းလှုပ်ခတ်မှု အပြောင်းအလဲကြားတွင် အိန္ဒိယသည် သမားရိုးကျ သံတမန်ရေးနှင့် ပထဝီနိုင်ငံရေးထက်ပိုသည့် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ အိန္ဒိယသည် အာဖဂန်နစ္စတန်၏ ဆယ်စုနှစ် (၂) ခုကျော်ကြာ တည်ငြိမ်ရေးနှင့် တိုးတက်ရေး ခရီးကြမ်းတွင် ခိုင်မာသော ဗျူဟာမြောက် မိတ်ဖက်အဖြစ် ရပ်တည်ခဲ့သည်။

အိန္ဒိယအနေဖြင့် အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးများတွင်သာမက အာဖဂန်ပြည်သူများ၏ စိတ် နှလုံးများတွင်ပါ သိသိသာသာ ရင်းနှီးမြုပ်နှံနိုင်ခဲ့သည်။ နိုင်ငံရေးစနစ်များထက် ပြည်သူဗဟိုပြု ချည်းကပ် နည်းဖြင့် ဆောင်ရွက်နေသည့် အိန္ဒိယ၏ အာဖဂန်နစ္စတန်နိုင်ငံအပေါ် သဘောထားသည် မည်သည့်အခါမျှ ယိမ်းယိုင်သွားခြင်း မရှိခဲ့ပေ။

အိန္ဒိယသည် ကဘူးလ်မြို့ရှိ ၎င်း၏သံရုံးမှ ထွက်ခွာခဲ့သည့်တိုင် အာဖဂန်ပြည်သူများအား စာနပ်ရိက္ခာ၊ ကာကွယ် ဆေး၊ ဆေးဝါးများနှင့် အခြေခံလူသုံးကုန်ပစ္စည်းများစသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိသည်။

အိန္ဒိယသည် အာဖဂန်နစ္စတန်၏ အခိုင်မာဆုံး အဓိက ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များထဲတွင် ပါဝင်ပြီး ပံ့ပိုး ကူညီမှုနှင့် မယိမ်းယိုင်သော သန္နိဋ္ဌာန်တို့ဖြင့် မီးရှူးတန်ဆောင်အဖြစ် ထွန်းလင်းတောက်ပလျက်ရှိသည်။ လွန်ခဲ့သည့်ဆယ်စုနှစ် (၂) ခုအတွင်း အိန္ဒိယက ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိ အကူအညီများ ရက်ရက်ရောရော ပေးအပ်ခဲ့ပြီး အာဖဂန်နစ္စတန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၎င်း၏ သန္နိဋ္ဌာန်ကို သက်သေပြခဲ့သည်။

အမေရိကန်ဦးဆောင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲကြောင့် အာဖဂန်နစ္စတန်တွင် တာလီဘန်အစိုးရ ပြုတ်ကျသွားခဲ့သည့် ၂၀၀၁ ခုနှစ်မှ စတင်၍ အိန္ဒိယအနေဖြင့် ၎င်း၏ကတိအတိုင်း ဒေါ်လာ ၃ ဘီလီယံကျော် တန်ဖိုးရှိသော ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် တာလီဘန်အာဏာရလာပြီးနောက်  အဆိုပါ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ရပ်တန့်သွားခဲ့သော်လည်း အာဖဂန် တာလီဘန်အစိုးရက ကဘူးလ်ရှိ အိန္ဒိယ ယာယီသံရုံးတာဝန်ခံ ဘာရတ်ကူးမားရ်ထံ မေတ္တာရပ်ခံချက်အရ ယင်းလုပ်ငန်းများနှင့် လုပ်လက်စ စီမံကိန်းများကို ပြန်လည်စတင်ရန် အိန္ဒိယ ဆုံးဖြတ်ချက်ချခဲ့သည်။

အိန္ဒိယ၏ အကူအညီသည် လူသားချင်းစာနာမှုမှသည် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအထိအကျုံးဝင်လိမ့်မည်ဟု အာဖဂန်အစိုးရက မျှော်လင့်ကြောင်း အာဖဂန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူကာဟာ ဘယ်လ်ခီက ပြောကြားခဲ့သည်။

ကဘူးလ်ရှိ ရှားတုဆည်ကဲ့သို့ အချို့သော သတ်မှတ် စီမံကိန်းများကို ကနဦး အပြီးသတ်ဆောင်ရွက်ပေးရန် အာဖဂန်နစ္စတန်အစိုးရက အိန္ဒိယထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ ချာဘာဟာ စီမံကိန်းနှင့် တာ့ခ်မင်နစ္စတန်-အာဖဂန်နစ္စတန်-ပါကစ္စတန်-အိန္ဒိယ (TAPI) ပိုက်လိုင်းစီမံကိန်းတို့ အပါအဝင် ဆက်သွယ်ရေး စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့သည်။

အိန္ဒိယသည် အာဖဂန်နစ္စတန်ရှိ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး စီမံကိန်းများတွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်စတင်ခဲ့သည်။ အန္ဒိယအနေဖြင့် အာဖဂန်နစ္စတန် စီမံကိန်းအမျိုးမျိုးဖြင့် ထောက်ပံ့မှု အများအပြား ပြုလုပ်ထားခဲ့ပြီး ကဘူးလ်မြို့ရှိ အာဖဂန်လွှတ်တော်အဆောက်အုံကို ဒေါ်လာ သန်း ၉၀ ဖြင့် ဆောက်လုပ်ပေးခဲ့သည်။

ဟဲရတ်ပြည်နယ်ရှိ ယခုအခါ အာဖဂန်-အန္ဒိယ ချစ်ကြည်ရေးဆယ်ဟုခေါ်သည့် 42MW ဆယ်လ်မာ ဆည်ကိုလည်း အိန္ဒိယက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အာဖဂန်ပြည်သူ သန်းပေါင်းများစွာထံ လျှပ်စစ် ဓာတ်အားနှင့် ဆည်ရေ ပေးဝေလျက်ရှိသည်။  

အန္ဒိယနှင့် အာဖဂန်နစ္စတန်အကြား ကုန်းလမ်းကြောင်းကို ပါကစ္စတန်က ပိတ်ထားသည့်အတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်ကုန်သွယ်မှု ချောမွေ့စေရန် နယူးဒေလီ-ကဘူးလ်းလေကြောင်းလိုင်းကိုလည်း အန္ဒိယက စတင် ပြေးဆွဲခဲ့သည်။

အာဖဂန်နစ္စတန်တွင် အိန္ဒိယက ဖွံ့ဖြိုးရေးအကူအညီနှင့် စီမံကိန်းများ ပြန်လည်စတင်ခြင်းသည် နိုင်ငံနှင့် ဒေသအတွက် မျှော်လင့်ချက်များ တောက်ပလာစေမည် ဖြစ်သည်။ အာဖဂန်နစ္စတန် အသွင်ကူးပြောင်းရေးတွင် အဆိုပါ စီမံကိန်းများသည် နိုင်ငံသားများ၏ ကျန်းမာရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုဖူလုံရေးကို ဦးစားပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required