CDM ဝန်ထမ်းများနေရာတွင် အစားထိုးခန့်အပ်သော ပြန်တမ်းဝင်အရာရှိစာရင်းကို စစ်ကောင်စီမှ ထုတ်ပြန်ကြေညာ

By ငြိမ်းချမ်း(MMIT)(မဇ္ဈိမ)
14 October 2023
CDM ဝန်ထမ်းများနေရာတွင် အစားထိုးခန့်အပ်သော ပြန်တမ်းဝင်အရာရှိစာရင်းကို စစ်ကောင်စီမှ ထုတ်ပြန်ကြေညာ

CDM ဝန်ထမ်းအများစု နေရာတွင် အစားထိုးခန့်အပ်မည့် ပြန်တမ်းဝင်အရာရှိစာရင်းကို စစ်ကောင်စီ၏ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ရက် နေ့စွဲဖြင့် ကြေညာသည်။

ကြော်ငြာစာအမှတ်(၃/၂၀၂၃)ဖြင့် ဝန်ကြီးဌာန/ အဖွဲ့အစည်း ၂၁ ခုမှပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး ၄၇၇ ဖြင့် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင် ၊ စက်မှုဝန်ကြီးဌာန တို့မှပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၃၁​ နေရာ၊ စုစု​ပေါင်းရာထူး ၅၀၈​နေရာတို့အတွက်​ ရွေးချယ်ခံရသူများစာရင်း​ ကြေညာခြင်းဖြစ်ကြောင်း CDM အရာထမ်း တဦးမှ Mizzima ကိုပြောသည်။

 ကြေညာထားချက်အရ ပြန်တမ်းဝင်အရာရှိ စတင်ခန့်အပ် လစ်လပ်ရာထူး ၅၀၈ နေရာအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ခေါ်ယူခဲ့ပြီး လျှောက်ထားသူ ကျား ၁,၂၂၅ ဦး၊  မ ၁,၄၂၄ ဦး စုစုပေါင်း ၂,၆၄၉ ဦးရှိခဲ့ကြောင်း သိရသည်။

ယင်းတို့အနက်မှ ရေးဖြေနှင့် လူတွေ့စစ်ဆေးအောင်မြင်သူ  ၂၂၉ ဦးကိုလစ်လပ်နေရာအလိုက် ခန့်အပ်မည်ဟုဆိုသည်။ ၂၂၉ ဦးအနက် ဝန်ထမ်းများမှ ဖြေဆိုအောင်မြင်သူ ၁၄၄ ဦးရှိကာ ပြင်ပမှ ဖြေဆိုအောင်မြင်သူ ၈၅ ဦးရှိကြောင်းသိရသည်။

“CDM လုပ်ခဲ့တဲ့ လူတွေရဲ့ ပေးဆပ်မှုကို ပြည်သူတွေ မေ့ကုန်မှာစိုးတယ်၊ ကျွန်တော်တို့ ဆေးလောကကတော့ အလွယ်တကူ အစားထိုးဖို့ မလွယ်သလို ၊အရှက်မရှိ လျှောက်တဲ့သူလည်း နည်းတယ်၊ ကျန်တဲ့ဌာနတွေကတော့ ရွံစရာကောင်းတယ်ဗျ၊ ပြန်တမ်းဝင် အရာထမ်းဖြစ်ဖို့က မလွယ်ကူခဲ့ကြဘူး။ ခွေးတိုးပေါက်က အလွယ်ဝင်လာသူတွေကို ပြည်သူတွေက စောင့်ကြည့်ထားစေချင်တယ်” ဟု ရန်ကုန်မှ CDM အရာထမ်း တဦးက Mizzima ကိုပြောသည်။

“ ရာထူးတိုး၊ ပင်စင်ယူတွေကြောင့် နေရာလစ်လပ်တာက နည်းပါတယ်၊ CDM နေရာ လွတ်ကုန်တာက ၉၅ ရာခိုင်နှုန်း မကဘူး၊ အမှုထမ်းဘဝကနေ အရာထမ်းဖြစ်ဖို့ အချိန်အများကြီး ပေးခဲ့ရတာပါ။ အမှန်တရားဘက်က ပြည်သူနဲ့ ရပ်ခဲ့တဲ့ ကျွန်မတို့ကို မေ့မထားကြဖို့ ပြည်သူနဲ့ NUG ကို ပြောချင်ပါတယ်” ဟု မန္တလေးမှ CDM အရာထမ်း တဦးကလည်း Mizzima ကို ပြောသည်။

“ပြည်သူ ရှုံးလို့မရဘူး၊ ဒီတခါ ပြည်သူရှုံးရင် ဘယ်တော့မှ မြန်မာပြည်မှာ တရားမျှတမှုတို့ အမှန်တရားတို့ ၊ဒီမိုကရေစီတို့ ရှိလာတော့မှာ မဟုတ်ဘူး၊ သွေးမအေးကြပါနဲ့၊ ပြည်သူဘက် ရပ်ခဲ့တဲ့ သူတွေကို ပြည်သူကမှ မကြည့်ရင် ဘယ်လိုလုပ်မလဲ၊ CDM လုပ်တဲ့အမှုထမ်း၊ အရာထမ်းတွေ ဒုက္ခရောက်မယ်ဆိုတာ သိသိနဲ့ ပြည်သူ့ဘက်မှာ ရပ်တည်ခဲ့တာပါ။ တော်လှန်ရေးကို သွေးမအေးကြဘဲ အမြဲစိတ်ထဲထည့်ပြီး နိုင်တဲ့နေရာက ကူပေးကြဖို့ ပြောချင်တယ်” ဟု နေပြည်တော်မှ CDM အရာထမ်းတဦးကလည်း Mizzima ကို ပြောသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနမှကြေညာချက်အရ လျှောက်ထားသူ မရှိသော လစ်လပ်နေရာများ ရှိပြီး၊ လျှောက်ထားသူများရှိသော်လည်း ရွေးချယ်ခံရသူမရှိသော လစ်လပ်နေရာများလည်း ရှိနေသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊စွမ်းအင်ဝန်ကြီးဌာန ၊စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ၁၀ ခုတို့အတွက် ရွေးချယ်ခံရသူ ၁၁၅ ဦးတို့သည် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဖွင့်လှစ်မည့် အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ် (၁၁) သို့ မပျက်မကွက် တက်ရောက်ကြရမည်ဟု ကြေညာချက်တွင်ပါရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊သယံဇာတနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်ဝန်ကြီးဌာန ရှစ်ခုတို့အတွက် ရွေးချယ်ခံရသူ ၁၁၄ ဦးတို့သည် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဖွင့်လှစ်မည့် အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ် (၁၂) သို့ မပျက်မကွက် တက်ရောက်ကြရမည်ဟု စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ကြေညာချက်တွင်ပါရှိသည်။

စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly