မြောက်ဥက္ကလာမြို့နယ်က မိုက်တီးဘီယာဆိုင် ကာကွယ်ရေးတပ်ဖွဲ့ ဖောက်ခွဲတိုက်ခိုက်

By ဂန္ဒမာ(မဇ္ဈိမ)
14 October 2023
မြောက်ဥက္ကလာမြို့နယ်က မိုက်တီးဘီယာဆိုင် ကာကွယ်ရေးတပ်ဖွဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မိုက်တီးဘီယာဆိုင်အား ယမန်နေ့ အောက်တိုဘာ ၁၃ ရက် ည ၇ နာရီ ၂၅ မိနစ် အချိန်တွင် ဖောက်ခွဲတိုက်ခိုက်လိုက်သည်ဟု တိုက်ခိုက်မှုပြုလုပ်သည့်အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“ဒီဆိုင်က မြောက်ဥက္ကလာပြည်သူ‌တွေ တိုင်တန်းတာများလာလို့ ပြုလုပ်ရတာပါ။ စစ်ကောင်စီလူကြီးပိုင်းတဦး ပိုင်တဲ့ဆိုင်ဆိုတာလည်း သိထားရတာကြောင့် အခုပထမအကြိမ် သတိပေးတဲ့အနေနဲ့ အပြင်က ကားပါကင်မှာပဲ ဖောက်ခွဲခဲ့တာပါ”ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပြည်သူများတိုင်တန်းရသည့် အကြောင်းအရင်းမှာ မိုက်တီးဘီယာဆိုင်သည် ည ၁၁ နာရီ ဝန်းကျင်ထိ သီချင်းသံများ ဆူညံနေခြင်းကြောင့် ဖြစ်ကာ နောက်ထပ် ပြည်သူတိုင်တန်းမှုပိုများလာပါက ဆိုင်အတွင်းထိ ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မစ်ရှင်အား အဝေးထိန်းမိုင်းဖြင့် ဆောင်ရွက်ခဲ့ပြီး ၎င်းဆိုင်၏ ကားပါကင်မှ ကားနှစ်စီး ပျက်စီးခဲ့ကာ ဆိုင်လုံခြုံရေးဝန်ထမ်း အသေးစားဒဏ်ရာရခဲ့ကြောင်း ယနေ့ မွန်းလွဲ ၁ နာရီတွင် အဖွဲ့တာဝန်ရှိသူ၏ပြောပြချက်အရ နောက်ဆက်တွဲအခြေအနေအား သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာများနှင့် ဝေးရာတွင်နေပြီး တော်လှန်ရေးတွင် ပါဝင်ကူညီအားဖြည့်ပေးပါရန်နှင့် အသိပေးထားသည့်ကြားမှ ဖောက်ခွဲတိုက်ခိုက်ထားသည့် ဆိုင်တွင် ဆက်လက်အားပေးနေပါက ဖြစ်လာမည့်ကိစ္စများကို တာဝန်ယူမည်မဟုတ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂) တာဝန်ရှိသူက ပြောသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required