စက်သုံးဆီအကန့်အသတ်ဖြင့်ရောင်း၊ ဆီမရှိသည့်အခါ ရပ်နားထားရဟုဆို

By မင်းထက်(မဇ္စျိမ)
14 October 2023
စက်သုံးဆီအကန့်အသတ်ဖြင့်ရောင်း၊ ဆီမရှိသည့်အခါ ရပ်နားထားရဟုဆို
ဓာတ်ပုံ-ပုသိမ်မြို့မှ ဆီဆိုင်တစ်ဆိုင်(ပုံဟောင်း)

ဧရာဝတီတိုင်း ၊ပုသိမ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ အလုံအလောက်မရသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချရသည့်အပြင် ဆီရောင်းရန်မရှိသည့်အခါ ရပ်နားထားရသည်ဟု ဆီဆိုင်ပိုင်ရှင်များက မဇ္စျိမကိုပြောသည်။

"ဆီကခွဲတမ်းနဲ့ပဲရနေတော့ အခုရောက် အခုရောင်းရင် အခုကုန်မယ့်ပုံစံဖြစ်နေတယ်။ အဲ့ဒီတော့ ဆီဝယ်သူအားလုံး မဟုတ်ရင်တောင်၊ အားလုံးနီးပါးရအောင် ထိန်းရောင်းနေရတဲ့သဘောပါ။ တချို့ဆိုင်တွေကတော့ ရှိတာရောင်းပြီး ဆီကုန်ရင်မရောင်းတော့ဘဲ၊ ဆီရမှ ပြန်ရောင်းကြတယ်။ အဓိက ဝယ်အားကောင်းနေတာက 92 နဲ့ 95 ပါ။ ဒီဇယ်ကတော့ လုံးဝပြတ်သွားတာမျိုး မရှိသေးပါဘူး"ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားများအားလုံးကို တပတ်လျှင်နှစ်ကြိမ်သာ သီလဝါဆိပ်ကမ်းမှ ဆီထုတ်ရောင်းပေးနေပြီး တကြိမ်ထုတ်ရောင်းပေးလျှင် သုံးရက်စာရောင်းရန်အတွက်သာ ထုတ်ရောင်းပေးနေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

"တပတ်မှာ အင်္ဂါနေ့တခါ သောကြာနေ့တခါ ဆီထုတ်ရောင်းပေးတယ်။ ဆီသွားထုတ်ရင်လည်း ဆိုင်အကြီးအသေးနဲ့ ရောင်းအားပေါ်မူတည်ပြီး အကန့်အသတ်နဲ့ရတာဆိုတော့ ပြန်ရောင်းဖို့ လုံလုံလောက်လောက်မရဘူးပေါ့။ ဥပမာပြောရရင် ဆိုင်တဆိုင်မှာ ဂါလံ ၃,၂၀၀ ဆီကန်ကြီးရှိသာရှိနေတာ၊ သူတို့ဘက်က သုံးရက်တကြိမ် ဆီထုတ်ရောင်းပေးတာက ဂါလံ ၈၀၀ လောက်ပဲဖြစ်နေတဲ့သဘောပါ။ တချို့ဆိုင်တွေဆိုရင် တခါထုတ်ရင် ဂါလံ ၄၀၀ လောက်ပဲရတယ်"ဟု ပုသိမ်မြို့နယ်အတွင်းမှ ဆီဆိုင်ပိုင်ရှင်နောက်ထပ်တဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများက စက်သုံးဆီအရောင်းဆိုင်များထံသို့ သွားရောက်ကာ ရောင်းအားစာရင်းများကို တောင်းယူခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့တောင်းယူထားသည့် စာရင်းများအရ ရောင်းအားကောင်းသည့်ဆိုင်နှင့် ရောင်းအားနည်းသည့်ဆိုင်ဟူ၍ ခွဲခြားကာ သီလဝါဆိပ်ကမ်းမှ ဆီထုတ်ရောင်းပေးနေခြင်းဖြစ်သည်ဟု ပုသိမ်မြို့ပေါ်ရှိ ဆီဆိုင်ပိုင်ရှင်အချို့က ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်မူ စက်တပ်ယာဥ်များအားလုံးအတွက် စက်သုံးဆီဝယ်ယူ၍ ရနေသေးကြောင်း ဂါလံပုံး၊ ဆီပေပါများဖြင့် ဝယ်ယူ၍မရကြောင်း မြို့နယ်အသီးသီးရှိ ဒေသခံများက ပြောသည်။

"လက်ရှိတော့ ဆိုင်ကယ်တွေ ဆီသွားထည့်ရင် အပြည့်ထည့်လို့ရနေသေးတယ်။ ဆီစျေးထပ်ကျရင်တော့ အလုပ်လုပ်ရတာ ပိုအဆင်ပြေတာပေါ့။ ဆီစျေးတက်မှာစိုးလို့ ပုံးတွေဘာတွေနဲ့သွားဝယ်ရင်တော့ တချို့ဆိုင်တွေကပေးမရောင်းကြဘူး "ဟုသိမ်မြို့မှ ဆိုင်ကယ် တက္ကစီ(Taxi)မောင်းနှင်သူတဦးက ပြောသည်။

လက်ရှိတွင် ပုသိမ်မြို့၌ ဓာတ်ဆီ 92 တလီတာလျှင် ၂,၀၁၀ ကျပ်နှင့် 95 တလီတာလျှင် ၂,၁၂၀ ကျပ်နှုန်း စျေးပေါက်နေသည်ဟု ဆီဆိုင်ပိုင်ရှင်များ၏ပြောပြချက်အရ သိရသည်။

ပုသိမ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်က 92 တလီတာလျှင် ၂,၂၂၀ ကျပ်နှင့် 95 တလီတာလျှင် ၂,၃၁၅ ကျပ်စျေးပေါက်ခဲ့သည်ဟုသိရပြီး လက်ရှိစျေးနှုန်းများနှင့် နှိုင်းယှဥ်လျှင် စျေးကျသွားသည်ကို တွေ့ရှိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly