စစ်ကောင်စီ ပြုလုပ်မည့် NCA ပွဲကို တက်ရောက်မည်မဟုတ်ဟု KNU ပြော

By YT(မဇ္ဈိမ)
14 October 2023
စစ်ကောင်စီ ပြုလုပ်မည့် NCA ပွဲကို တက်ရောက်မည်မဟုတ်ဟု KNU ပြော

အာဏာသိမ်း စစ်ကောင်စီက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့်အခမ်းအနားကို ကျင်းပရန် ပြင်ဆင်ထားပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ထိုအခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်း  KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

"တက်လိုက်ရင် ဘာဖြစ်သွားမလဲ၊ ဒီလိုတရားမဝင်တဲ့ အဖွဲ့အစည်းကို သွားပြီးတော့ ပလူးပလဲလုပ်နေမယ်ဆိုရင် ကိုယ်ပါ ရောယောင်ပြီး အထင်သေး အမြင်သေး ခံနေရပြီးတော့ ကိုယ့်သိက္ခာတွေလည်း အကုန်ကျပြီးတော့ ဘာမှ သုံးစားမရတဲ့အဆင့်ရောက်သွားပြီ၊ ရှင်းရှင်းပြောရမယ်ဆိုရင် အဆိပ်ပင်ရေမလောင်းဘူးဆိုတာ အဲ့ဒါကိုပြောတာ၊ ကျွန်တော်တို့ လုံးဝမလုပ်ဘူး" ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် NCA ရှစ်နှစ်ပြည့်အခမ်းအနားကို စစ်ကောင်စီက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပရန် ပြင်ဆင်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်။

"ကျွန်တော်တို့ဘက်ကတော့ မူဝါဒ ရှင်းရှင်းလင်းလင်း ရှိထားတယ်၊ ရှိထားတဲ့အတိုင်းလည်း ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်၊ တိုက်ပွဲဝင်နေတဲ့အတိုင်းလည်း ကျွန်တော်တို့ အောင်ပွဲတွေ တဆင့်ပြီးတဆင့်ခံနေတဲ့အပေါ် မှာ သူတို့လုပ်တဲ့ဟာတွေက ဘာမှကို သွားနားထောင်စရာ မရှိဘူး၊ တက်လည်း မတက်ဘူး" ဟု ပဒိုစောတောနီးက မဇ္ဈိမကိုပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကလည်း စစ်ကောင်စီတပ်၏ အာဏာသိမ်းခြင်းသည် NCA အခြေခံမူနှင့် ရည်ရွယ်ချက်ကို ဖျက်ဆီးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA ကို အခြေခံသည့် ဆွေးနွေးပွဲနှင့် လုပ်ငန်းစဉ်များ ရပ်တန့်သွားပြီဖြစ်ကြောင်း KNU၊ CNF နှင့် ABSDF တို့က အောက်တိုဘာလ ၁၂ ရက်နေ့က ပူးတွဲသဘောထားထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် NCA ကို အခြေပြုပြီး ဖိအားပေး ပြုလုပ်နေသည့် NCA ဟန်ပြ အကောင်အထည်ဖော်မှု ဆွေးနွေးပွဲများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှိနေသယောင်ဖြင့် ပြုလုပ်နေသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဟန်ပြလုပ်ရပ်များနှင့် စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေပြု အတုအယောင် ရွေးကောက်ပွဲတို့သည် နိုင်ငံ၏ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ပဋိပက္ခကို ရှည်လျားအောင် ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီက ကျင်းပမည့် NCA ရှစ်နှစ်ပြည့် အခမ်းအနားကို NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် ခုနစ်ဖွဲ့က တက်ရောက်မည် ဖြစ်သည်။

အဆိုပါ တက်ရောက်မည့် ခုနစ်ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အဖွဲ့များဖြစ်ပြီး အခမ်းအနားသို့ မတက်ရောက်သည့် ကျန်သုံးဖွဲ့မှာ စစ်ကောင်စီတပ်နှင့် အပြင်းအထန် တိုက်ပွဲများ ပြင်းထန်နေသည့် KNU၊ CNF နှင့် ABSDF တို့ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ NCA ရှစ်နှစ်ပြည့် အခမ်းအနား တက်ရောက်ရန် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ စောလမွန်တို့ နေပြည်တော်ကို ရောက်ရှိနေကြပြီဖြစ်ကြောင်း စစ်ကောင်စီဘက်ကလာသော သတင်းများတွင် ဖော်ပြထားသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly