ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ပျက်ပြယ်သွားပြီလို့ KNU ၊ CNF နဲ့ ABSDF ပြော

By KMN(မဇ္ဈိမ)
14 October 2023
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ပျက်ပြယ်သွားပြီလို့ KNU ၊ CNF နဲ့ ABSDF ပြော

စစ်ကောင်စီဟာ လေကြောင်း ရေကြောင်း ကြည်းကြောင်းတွေ အသုံးပြုပြီး ပြည်သူတွေကို ထပ်ခါတလဲလဲ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီလို့ NCA လက်မှတ်ရေးထိုးထားတဲ့   မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)  ၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU )တို့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ သဘောထားထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းခဲ့တာဟာ NCA အခြေခံမူနဲ့ရည်ရွယ်ချက်တွေကို ဖျက်ဆီးခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပျက်ပြယ်စေတဲ့ အတွက် NCA အခြေခံတဲ့ လုပ်ငန်းစဉ်နဲ့ ဆွေးနွေးပွဲတွေ ရပ်တန့်သွားပြီလို့ ထုတ်ပြန်ကြေညာချက်မှာပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီ ကပြောပါတယ်။

ကရင်အမျိုးသားအစည်းရုံး (KNU )ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး ကတော့ စစ်ကောင်စီ ဆက်လက်လုပ်ဆောင်နေတဲ့ NCA အပေါ်သဘောထားနဲ့ KNU ဟာ ပြဒါးတလမ်း သံတလမ်းဖြစ်သွားပြီလို့ ပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ (NCA) ချုပ်ဆိုမှု ရှစ်နှစ် မြောက် နှစ်ပတ်လည် အခမ်းအနားကိုတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) ၊ ချင်းအမျိုးသားတပ်ဦး (CNF )နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU) တို့က တက်ရာက်မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags