ရန်ကုန်ရှိ မြို့နယ်တချို့တွင် ဘုရားဝတ်ပြုခြင်း ကန့်သတ်မှုများရှိဟုဆို

ရန်ကုန်ရှိ မြို့နယ်တချို့တွင် ဘုရားဝတ်ပြုခြင်း ကန့်သတ်မှုများရှိဟုဆို

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင် ယခုရက်ပိုင်း နေအိမ်များ၊ ဘုရားကျောင်းများအချို့၌ ဘုရားဝတ်ပြုရှိခိုးခြင်းများ မပြုလုပ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံတားဆီးနေသည်ဟု သိရသည်။

ချင်းလူမျိုးခရစ်ယာန် အများစုနေထိုင်သည့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တရားလိုပြုလုပ်တိုင်တန်းသည့် အသင်းတော်များလည်းရှိနေသည်ဟု သိရသည်။

‘’ကျွန်တော်တို့ ရန်ကုန်ရောက် ချင်းတွေကို ပစ်မှတ်ထားသလိုတောင်ဖြစ်နေတယ်။ ပြီးခဲ့တဲ့အပတ်ကဆို ထောက်ကြန့်ဘက်ခြမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးက ဘုရားကျောင်းရှေ့လာပြီး ငါ့အပိုင်ထဲမှာ ချင်းတွေ ရှုပ်ရှုပ်ယှက်ယှက် လာမလုပ်ကြနဲ့ဆိုသလိုမျိုး ပြောသွားတယ်။ တခါ ရွှေပြည်သာမှာဆိုရင်လည်း ဘုရားကျောင်းမှာ လူငယ်တွေ သီချင်းတိုက်နေကြတာကို ရဲစခန်းကလာဖမ်းခေါ်သွားတယ်၊ နောက်တော့ပြန်လွတ်ပေးလိုက်တယ်။ နောက်တခါ ဘုရားရှိခိုးရင် ခွင့်ပြုချက်မရှိဘဲ မခိုးရဘူး ဖမ်းခံရမယ်ဆိုပြီးပြောသွားတယ်။" ဟု အမှုတော်ဆောင် တဦး က ပြောသည်။

 အသင်းတော်များအနေဖြင့် ဘုရားရှိခိုးကျောင်းများဆောက်လုပ်ရန်အတွက် သာသနာရေး၊ စည်ပင်နှင့် ဌာနဆိုင်ရာ အသီးသီးတွင် အဆင့်ဆင့်ဆောက်လုပ်ခွင့်တင်သည့်အခါတွင်လည်း ဆောက်လုပ်ခွင့်များ ချမပေးခြင်းကြောင့် ရန်ကုန်ရှိ ခရစ်ယာန်အသိုင်းအဝိုင်းအနေဖြင့် နေအိမ်၊တိုက်ခန်းများတွင်သာ စုဝေးပြီး ဝတ်ပြုကိုးကွယ်ခြင်းများ လုပ်နေရသည်ဟုသိရသည်။

‘’ခွင့်ပြုချက်မရှိဘဲ နေအိမ်မှာဘုရားရှိခိုးရင်ဘာဖြစ်လဲဆိုတော့ အဖမ်းခံရတယ်ပေါ့။ ပြီးခဲ့တဲ့နှစ်မှာလည်း အသင်းတော် ပါစ္စတာတပါးကို မြောက်ဒဂုံမှာ ဖမ်းဆီးတာခံရတယ်။ ဆွဲတဲ့အမှုကတော့ ပတ်ဝန်းကျင်ကနေ တိုင်လို့ ဆူညံလို့ ဖမ်းတာပေါ့။ ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးလုပ်တယ်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်အောင်လုပ်တယ်၊ ဒီလို ခေါင်းစဉ်တပ်ပြီးအမှုဆွဲခံရတယ်။ တကယ်တော့ ကျွန်တော်တို့ ခရစ်ယာန်တွေက တပတ်တရက်ပဲ အချိန်ပိုင်းဝတ်ပြုဘုရားရှိခိုးကြတာလေ။ အခုဆိုရပ်ကွက် ထဲမှာတခြားသောဘာသာဝင်တွေ ဆူညံနေအောင် လော်စပီကာတွေ ဖွင့်နေတာပဲလေ။ ကျွန်တော်တို့တွေလည်းနိုင်ငံသားပဲ၊ အတူတူတော့ခံစားခွင့်၊လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသင့်တာပေါ့’’ဟု မြောက်ဒဂုံရှိ ခရစ်ယာန်ဘာသာဝင်တဦးကဆိုသည်။

ပြီးခဲ့သည့်မေလ ၁ရက်နေ့က ထုတ်ဝေသည့် အမေရိကန်အစိုးရ၏ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်(USCIRF) ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာတွင် မြန်မာနိုင်ငံကို တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတွေနဲ့အတူ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှု စိုးရိမ်ရတဲ့နိုင်ငံ Country of Particular Concern (CPC) အဖြစ် သတ်မှတ်ထားရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly