စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ ၁.၇ သန်းခန့်ရှိလာ

By မဇ္ဈိမ 
13 October 2023
စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ ၁.၇ သန်းခန့်ရှိလာ

မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ သန်းနီးပါးရှိလာခဲ့ပြီး အဲဒီထဲက ၁ ဒသမ ၇ သန်းနီးပါးဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုညှိနှိုင်းရေးရုံး(OCHA)က အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အထက်ပါကိန်းဂဏန်းဟာ ၂၀၂၃ အောက်တိုဘာ ၂ ရက်အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးရရှိထားတဲ့ စာရင်းဖြစ်ပြီး ဒီနေ့ ထုတ်ပြန်ချက်မှာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်မှုခံရမှုအခြေအနေကိုလည်း ဖော်ပြပါတယ်။ 

ဒါပေမဲ့ OCHA က ဗုံးကြဲတိုက်ခိုက်မှုကို ကျူးလွန်တဲ့ မြန်မာစစ်တပ်ကို ဖော်ညွှန်းခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွါထွက်ပြေးသူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးသူငယ်တွေ အပါအဝင် အရပ်သား ဒါဇင်နှင့်ချီကာသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ကျေးရွာတစ်ရွာနဲ့ လူပေါင်း ၆,၀၀၀ ကျော်နေထိုင်တဲ့ အနီးနားရှိ ရွှေ့ပြောင်းအခြေချစခန်းကို ထိခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း နိုင်ငံအရှေ့တောင်ဘက်မှာ လူဦးရေ ၄,၈၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နိုင်ငံအနောက်မြောက်ဖက်ရှိ စစ်ကိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာ လက်နက်ကိုင်တိုက် ပွဲတွေကြောင့် လူဦးရေ ၁၃,၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ဒေသခံတွေက အနီးနားရှိ သစ်တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ တခြားအခြေခံပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ UNOCHA က ဆိုပါတယ်။

စက်တင်ဘာနှောင်းပိုင်းကတည်းက ကရင်နီပြည်နယ်ရှိ အဓိကလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် ရှမ်း-ကရင်နီနယ်စပ်တစ်လျှောက်ရှိ ကျေးရွာတွေမှ ဒေသခံတွေအနေနဲ့ လူမှုကယ်ဆယ်ရေးပစ္စည်း ပြတ်လပ်မှုတွေ ကြုံတွေနေရသလို လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်တွေကိုလည်း အဟန့်အတားဖြစ်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ကယား (ကရင်နီ) ပြည်နယ်အတွင်း လက်နက်ကိုင် တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။
မိုးရာသီဖြစ်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါတွေ အဖြစ်များနေတယ်လို့လည်း သိရပါတယ်။

အခုပထမနှစ်ဝက်အတွင်း လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေဟာ ရွှေ့ပြောင်းအ ခြေချ ပြည်သူ ၇၀၀,၀၀၀ အပါအဝင် လူဦးရေ ၁ ဒသမ ၈သန်းကျော်ကို အကူအညီပေးနိုင်ခဲ့ပေမယ့် ထပ်တိုးရန်ပုံငွေများစွာ လိုအပ်နေတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly