စစ်ကောင်စီနဲ့ပေါင်းပြီး ကိုယ်ကျိုးရှာ၊ အများပြည်သူကို ဒုက္ခပေးနေတဲ့ မော်လမြိုင်ကျွန်းက အုပ်ချုပ်ရေးမှူး

By မဇ္ဈိမ 
12 October 2023
စစ်ကောင်စီနဲ့ပေါင်းပြီး ကိုယ်ကျိုးရှာ၊ အများပြည်သူကို ဒုက္ခပေးနေတဲ့ မော်လမြိုင်ကျွန်းက အုပ်ချုပ်ရေးမှူး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းခယ်မကျေးရွာအုပ်ချုပ်ရေးမှူး၊ အုတ်လုပ်ငန်းရှင်များ အသင်းရဲ့ဥက္ကဋ္ဌ ဦးဖိုးထွေးဟာ စစ်ကောင်စီနဲ့ပေါင်းပြီး မြို့နယ်အတွင်းမှာရှိတဲ့ အုတ်လုပ်ငန်းရှင်တွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေပါတယ်။

အုပ်ချုပ်ရေးမှူးဖြစ်တဲ့အတွက် ရရှိထားတဲ့အခွင့်အာဏာကိုအသုံးပြုပြီး တနိုင်တပိုင် အုတ်လုပ်ငန်း လုပ် ကိုင်နေသူတွေဆီက တဦးကို ၆၀၀,၀၀၀ နှုန်း ကောက်ခံနေပါတယ်။

စစ်ကောင်စီရဲ့ လူကြီးတွေလာရင် ဧည့်ခံဖို့အတွက်လို့ပြောပြီးတော့လည်း  တနိုင်တပိုင် အုတ်လုပ်ငန်းလုပ် ကိုင်နေသူတွေဆီက ပိုက်ဆံ ၅၀,၀၀၀ တောင်းတာတွေ၊ ၁၀၀,၀၀၀ တောင်းတာတွေကို တနှစ်ပတ်လုံး အကြိမ်ကြိမ်ပြုလုပ်နေပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ တရားဝင်အုတ်လုပ်ငန်းလုပ်ကိုင်သူ ၆၀ ဝန်းကျင်လောက်ရှိပြီး၊ တနိုင်တပိုင် အုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၀၀ လောက်ရှိနေတဲ့အတွက် ဦးဖိုးထွေးအတွက် ခွင်ကောင်းတခုဖြစ်နေတာ ဖြစ်ပါတယ်။

အဲဒီအပြင် ကားလမ်းမကြီးနဲ့ကပ်လျှက်မှာရှိတဲ့ လယ်တွေကိုလည်း လယ်ယာမြေများအခြားနည်းသုံးစွဲခွင့် လျှောက်ထားပေးမယ်ဆိုပြီး မြို့နယ်စီမံကောင်စီဥက္ကဋ္ဌရဲ့ လက်မှတ်ထိုးဖို့အတွက် ၁၀ သိန်းနှုန်း တောင်းခံ နေတာလည်း ရှိပါတယ်။

သူပိုင်ဆိုင်တဲ့ မော်လမြိုင်ကျွန်းက ပါရာဒိုက် KTV မှာဆိုရင်လည်း မြို့နယ်စီမံကောင်စီဥက္ကဋ္ဌ၊ မြို့နယ်စီမံ ကောင်စီဝင် ဗိုလ်မှူးမင်းလွင်တို့ကို ညစဥ်ညတိုင်းလိုလိုခေါ်ပြီး VIP လို့သတ်မှတ်ထားတဲ့အခန်းတွေမှာ ဧည့်ခံနေပါတယ်။

ပါရာဒိုက် KTV မှာ စားသောက်ဖွယ်ရာမျိုးစုံရှိတဲ့အပြင် အပျော်မယ်တွေ၊ တရားဝင်သဖွယ်ရရှိနိုင်တဲ့ မူးယစ်ဆေးဝါးမျိုးစုံလည်း ရရှိပါတယ်။

ယခင်ရက်တွေကဆိုရင် ပါရာဒိုက်မှာသွားရောက်ပျော်ပါးသူတွေ ညအချိန်လင့်သွားလို့ အဲ့ဒီဆိုင်ရဲ့ဝန်ထမ်း ကောင်လေးတွေက မြို့အဝင်စစ်ဆေးရေးဂိတ်အထိ လိုက်ပို့ခဲ့တာကိုတွေ့ရပါတယ်။ ပါရာဒိုက်ကိုသွားရင် ညမထွက်ရအမိန့်ကိုလည်း ဂရုစိုက်စရာမလိုဘူးလို့ မြို့ခံပြည်သူတွေကြားမှာ ပြောဆိုနေကြတာတွေ ရှိပါ တယ်။

အခုလို စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူတွေကိုဒုက္ခပေးတာတွေ၊ နည်းမျိုးစုံနဲ့ ငွေကြေးတောင်းယူနေတာ တွေ၊ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်အလုပ်တွေပြုလုပ်နေတဲ့ အုပ်ချုပ်ရေးမှူး ဦးဖိုးထွေးရဲ့ အကြောင်းကို အများပြည်သူသိရှိနိုင်ဖို့အတွက် မဇ္စျိမရဲ့အယ်ဒီတာထံပေးစာကတဆင့် ရေးသားလိုက်ပါ တယ်။

(မော်လမြိုင်ကျွန်းလူငယ်များ)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly