ဟားမတ်စ် တိုက်ခိုက်မှု၌ သက်ကြီးလူနာကို မထားခဲ့ရက်သည့် ဖိလစ်ပိုင်သူနာပြု အသတ်ခံရ

ဟားမတ်စ် တိုက်ခိုက်မှု၌ သက်ကြီးလူနာကို မထားခဲ့ရက်သည့် ဖိလစ်ပိုင်သူနာပြု အသတ်ခံရ
ဖိလစ်ပိုင်က သူနာပြုဆရာမလေး အိန်ဂျလင်း၊ ဓါတ်ပုံ- Facebook Page

အစ္စရေးနှင့် စစ်သွေးကြွအုပ်စု ဟားမတ်စ်တို့၏ ပဋိပက္ခအတွင်း အသတ်ခံရသော ဖိလစ်ပိုင် သူနာပြုအမျိုးသမီးသည် သူ့၏ သက်ကြီးလူနာ မပါဘဲ ထွက်ပြေးရန် ငြင်းဆန်ခဲ့သူဖြစ်သည်ဟု အစ္စရေးတာဝန်ရှိသူတဦးက ပြောသည်။

“အိန်ဂျလင်းဟာ ဖိလစ်ပိုင်က သူနာပြုဆရာမတဦးဖြစ်ပြီး သက်ကြီးပိုင်း လူနာ နီရာကို ပြုစုစောင့်ရှောက်နေသူပါ”ဟု ဂျေရုဆလင် မြို့တော်ဝန် ဖလော်ဟာဆန်နာဟွမ်းက ပြောသည်။

“သူ့အနေနဲ့ ဟားမတ်စ်တိုက်ခိုက်မှုကနေ ထွက်ပြေးဖို့ အခွင့်အရေး ရခဲ့တယ်၊ ဒါပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း နီရာရဲ့ ဘေးမှာပဲ ရှိနေပြီး မယုံနိုင်အောင် လူသားချင်း စာနာမှုနဲ့ သစ္စာရှိမှုကို ပြသသွားတယ်၊ ဒီမှာပဲ နှစ်ယောက်စလုံးဟာ ဟားမတ်စ်တွေရဲ့ သတ်တာ ခံခဲ့ရတယ်၊ ယုတ်ကန်းသူတွေနဲ့ ရင်ဆိုင်ရာမှာ မယုံနိုင်အောင် ဂုဏ်သိက္ခာ ရှိသွားခဲ့သူပါပဲ”ဟု အမျိုသမီး မြို့တော်ဝန်က ပြောသည်။

အစ္စရေးရှိ ဖိလစ်ပိုင်များသည် အလွန် ချစ်နှစ်သက်ဖွယ် ကောင်းပြီး ကျေးဇူးတင်ထိုက်သူများ ဖြစ်ကြသည်ဟု ဟာဆန်နာဟွမ်းက ဆိုသည်။

“သူတို့တွေက ကျွန်မတို့ရဲ့ ဘိုးဘွားတွေကို စောင့်ရှောက်ပေးနေကြတယ်၊ အထူး လိုအပ်နေတဲ့ ကလေးတွေကို ပြုစုပေးနေကြတယ်၊ ကျွန်မအမေကို အံ့ဩစဖွယ် ပြုစုစောင့်ရှောက်သူ နှစ်ယောက်နဲ့ သူနာပြုနှစ်ယောက်က စောင့်ရှောက်ပေးနေတာ ဖြစ်တယ်၊ သူတို့ကို ကျွန်မ အရမ်း ကျေးဇူးတင်တယ်၊ ဒီနိုင်ငံမှာ တော်တော်များများက ဖိလစ်ပိုင်အသိုင်းအဝိုင်းရဲ့ ကျေးဇူးမကင်းဘူး၊ ဖိလစ်ပိုင် တဦးကို ဆုံးရှုံးရတာဟာ ကျွန်မတို့ထဲက တယောက်ကို ဆုံးရှုံးရသလိုပဲ ခံစားရတယ်”ဟု သူမက မျက်ရည်ကျလျက် ပြောဆိုသည်။

၎င်း တာဝန်ရှိသူက ဟားမတ်စ်တို့၏ ဓားစာခံ ဖမ်းထားသူများကို ကယ်ထုတ်ရေးက “အတော်လေး ခဲရာခဲဆစ်” နိုင်ကြောင်း ဝန်ခံပြီး တိုက်ပွဲသည် သီတင်းပတ်များစွာ သို့မဟုတ် လချီ ကြာမြင့်နိုင်သည်ဟု ပြောဆိုသည်။

အပြစ်မဲ့ သေဆုံးမှုများကို ကာကွယ်ရန် အစ္စရေးက “အစစ အရာရာ” လုပ်ဆောင်လျက် ရှိသည်ဟု ၎င်းက ပြောသည်။

“ကျွန်မတို့ဟာ ဂါဇာဘက်နဲ့ နှစ်တိုင်းပဲ ငါးရက်ကြာ စစ်ပွဲ၊ ခုနစ်ရက်ကြာ စစ်ပွဲတွေ ဖြစ်တတ်တယ်၊ အခုတခေါက်ကတော့ ဒီလို မဟုတ်ဘူး၊ သီတင်းပတ်တွေ၊ လတွေနဲ့ချီ ကြာလိမ့်မယ်၊ အစ္စရေးကတော့ အဆင်သင့်ပါပဲ၊ ကျွန်မတို့ဟာ ခံနိုင်ရည်လည်း ရှိထားတယ်၊ ကျွန်မတို့ အနိုင်ရမှာကို ယုံကြည်ထားတယ်၊ နိုင်မလားဆိုတာ မေးခွန်းမဟုတ်ဘူး၊ မေးခွန်းက အောင်ပွဲအတွက် ဘာတွေ ပေးဆပ်ရမယ်၊ ဘာတွေ နာကျင်ရမလဲဆိုတာပဲ”ဟု သူမက ထပ်လောင်း ပြောသည်။

ပြီးခဲ့သည့် စနေနေ့က ဟားမတ်စ်တို့၏ အံ့အားသင့်စဖွယ် တိုက်ခိုက်မှုကြောင့် ဖြစ်ပွားလာသော စစ်ပွဲအတွင်း သေဆုံးသူ ထောင်ပေါင်းများစွာတွင် အနည်းဆုံး ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦး ပါဝင်ကြောင်း အာဏာပိုင်များက ပြောသည်။ ဟားမတ်စ်တို့သည် အစ္စရေးနှင့် နိုင်ငံခြားသား ဓားစာခံ ၁၅၀ နီးပါးကို ဖမ်းဆီးထားသည်။

အစ္စရေး၌ လိုအပ်သူများအား ပြုစုစောင့်ရှောက်သူများအဖြစ် လုပ်ကိုင်နေကြသူ အများစုဖြစ်သော ဖိလစ်ပိုင်နိုင်ငံသား ၃၀,၀၀၀ နီးပါး ရှိပြီး ဟားမတ်စ်အုပ်ချုပ်ရာ ဂါဇာတွင် ၁၃၇ ဦး ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly