အစ္စရေး-ဂါဇာ ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသား ၂၁ ဦး သေဆုံး

အစ္စရေး-ဂါဇာ ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသား ၂၁ ဦး သေဆုံး
ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ထိုင်းလူမျိုး ၁၅ ဦး တင်ဆောင်လာတဲ့ လေယာဉ် ဆိုက်ရောက်မှာကို စောင့်ဆိုင်းနေတဲ့မိသားစုဝင်များကိုတွေ့ရစဉ် (ဓာတ်ပုံ- AFP/Lillian SUWANRUMPHA)

အစ္စရေးနှင့် စစ်သွေးကြွအုပ်စု ဟားမတ်စ်ကြားက ပဋိပက္ခအတွင်း၌ သေဆုံးသည့် ထိုင်းနိုင်ငံသား ၂၁ ဦး ရှိပြီဟု ယခင် သေဆုံးနှုန်း ၂၀ မှ ထပ်တိုးပြီး ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ကြာသပတေးနေ့တွင် ပြောသည်။

“မနေ့ညက နောက်ဆုံးစာရင်းကတော့ သတင်းဆိုးပါပဲ၊ ထိုင်းနိုင်ငံသား နောက်တဦး သေဆုံးရပြန်တယ်၊ အရေအတွက်က ၂၁ ဦးအထိ ရှိသွားပြီ”ဟု ၎င်းက ဆိုသည်။

ဟားမတ်စ်တို့၏ အထိအခိုက်များသော တိုက်ခိုက်မှုကြောင့် စစ်ပွဲဖြစ်ပွားကာ ထောင်နှင့်ချီကာ သေဆုံးပြီး ၁၅၀ နီးပါး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံထားရသည်။

အစ္စရေးတွင် ထိုင်းနိုင်ငံသား ၃၀,၀၀၀ နီးပါး ရှိပြီး အများစုမှ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနအရ သိရသည်။

ဓားစားခံအဖြစ် ဖမ်းဆီးခံရသော ထိုင်း ၁၄ ဦး၏ ကံကြမ္မာနှင့် ပတ်သက်ကာ စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လျက် ရှိသည်။

ဒဏ်ရာရသူ အများစုအပါအဝင် ထိုင်းနိုင်ငံသား ၁၅ ဦးကို တင်ဆောင်လာသည့် လေယာဉ် ရောက်ရှိချိန်ကို ဘန်ကောက်ရှိ သုဝဏ္ဏအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စိုးရိမ်ပူပန်သော မိသားစုများက ကြာသပတေးနေ့ နံနက်ပိုင်းတွင် စုရုံးစောင့်ဆိုင်းနေကြသည်။

မနှစ်ကစပြီး အစ္စရေးရှိ ထောပတ်သီးစိုက်ခင်းတွင် လုပ်ကိုင်နေသည့် သားဖြစ်သူအတွက် အိပ်မပျော်သည်မှာ ရက်များ ကြာမြင့်ပြီဟု မိခင်ဖြစ်သူ ယာနီစာက ပြောသည်။

“ကျွန်မသားက ကျွန်မအတွက် အရာရာပဲ၊ ကျွန်မ စိုးရိမ်တယ်၊ ကျွန်မမှာ ဒီ သားလေးတစ်ယောက်ပဲ ရှိတာ”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

“သားက အန္တရာယ်ဇုန်မှာ ရှိနေတဲ့အတွက် ကျွန်မ နေ့တိုင်း ငိုရတယ်”ဟု ၎င်းဥ ဆိုသည်။

နိုင်ငံရင်း ပြန်လည်ရောက်ရှိလာသည့် ထိုင်းတော်တော်များများသည် မြင့်မားသည့် လစာ ရရှိရန် အစ္စရေးသို့ လာရောက်လုပ်ကိုင်ကြသည့် ထိုင်းနိုင်ငံ၏ ဆင်းရဲသည့် အရှေ့မြောက်ပိုင်းမှ စိုက်ပျိုးရေးအလုပ်သမား အများစု ဖြစ်ကြသည်။

အစ္စရေးတွင် ရောက်ရှိနေသော ထိုင်းနိုင်ငံသားများတွင် ၅,၀၀၀ ကျော်ထက်မနည်းသည် နိုင်ငံရင်း ဘုရင့်တိုင်းပြည်သို့ ပြန်လာနိုင်ရေးအတွက် ကြိုးစားနေကြပြီး သံတမန်များမှာလည်း ပင်လယ်နှင့် ကုန်းမြေမှ ကယ်ထုတ်နိုင်ရေး အခွင့်အလမ်းများကို ရှာဖွေနေကြသည်။

နောက်ထပ် ထိုင်းနိုင်ငံသားများအား နေရပ်ပြန်ပို့လာသည့် လေယာဉ်သည် လာမည့် တနင်္ဂနွေနှင့် ဗုဒ္ဓဟူးနေ့တို့တွင် ရောက်ရှိရန် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly