ဂါဇာရှိ ဟားမတ်စ်တို့ကို လုံးလုံးလျားလျား ချေမှုန်းဖျက်ဆီးပစ်မည်ဟု အစ္စရေး ကြုံးဝါး

By AFP
12 October 2023
ဂါဇာရှိ ဟားမတ်စ်တို့ကို လုံးလုံးလျားလျား ချေမှုန်းဖျက်ဆီးပစ်မည်ဟု အစ္စရေး ကြုံးဝါး
အစ္စရေးတောင်ပိုင်းရှိ Kfar Aza တွင် နေရာယူထားသော အစ္စရေးစစ်သားများကို 2023 ခုနှစ် အောက်တိုဘာလ 10 ရက်နေ့တွင် မြင်တွေ့ရစဉ် / Photo: AFP

ဟားမတ်စ် စစ်သွေးကြွအဖွဲ့၏ ရဲတင်းသော အလစ်အငိုက် တိုက်ခိုက်မှု ဖြစ်ပေါ်ပြီးနောက် အစ္စရေးက ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ် ပစ်မှတ်များကို ငါးရက်ဆက်တိုက်အဖြစ် တိုက်ခိုက်ခဲ့သည်။ ဟားမတ်စ်နှင့် အစ္စရေးအကြား ပြင်းထန်သည့် တိုက်ခိုက်မှုများအတွင်း နှစ်ဖက်စလုံး၌ သေဆုံးသူဦးရေသည် ထောင်ချီအထိ မြင့်တက်လာခဲ့ပြီဖြစ်သည်။ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ကို လုံးလုံးလျားလျား နာလန်မထူနိုင်အောင် ချေမှုန်းသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ကြုံးဝါးပြောဆိုသည်။

“ဟားမတ်စ်အဖွဲ့ဝင်မှန်သမျှဟာ သေလူတွေပါပဲ” ဟု ဝါရင့် လက်ယာယိမ်း အစ္စရေးခေါင်းဆောင်က ပြောပြီး ဟားမတ်စ်အဖွဲ့ကို အိုင်အက်စ်အဖွဲ့နှင့် ထပ်မံ ခိုင်းနှိုင်းပြောဆိုသည်။ “ကမ္ဘာက အိုင်အက်စ်အဖွဲ့ကို ချေမှုန်းခဲ့သလိုမျိုးပဲ ကျုပ်တို့ကလည်း သူတို့ (ဟားမတ်စ်) ကို ချေမှုန်းဖျက်ဆီးသွားပါမယ်”
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အစောပိုင်းက သူ၏ နိုင်ငံရေး အမြင်မတူမှုများကို ယာယီ ပြေငြိမ်းထားစေခဲ့ပြီး စစ်ပွဲအကျပ်အတည်းကာလအတွင်း နိုင်ငံရေးအမြင်မျှတူသူ ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီ ဂန့်ဇ် ပါဝင်သည့် အရေးပေါ်အစိုးရတရပ်ကို ဖွဲ့စည်းခဲ့သည်။

အစ္စရေး၏ နှစ်ပေါင်း ၇၅ နှစ်တာ သမိုင်းတွင် အဆိုးဝါးဆုံး ဖြစ်သည့် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက် ဟားမတ်စ် စစ်သွေးကြွတို့၏ အလစ်အငိုက် တိုက်ခိုက်မှုအတွင်း စစ်သွေးကြွများ၏ အပြင်းအထန် တိုက်ခိုက်မှုကြောင့် အရပ်သား အများစု အပါအဝင် လူ ၁,၂၀၀ ခန့်အထိ သေဆုံးခဲ့ရကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

အလားတူ လူနေထူထပ်သော ပါလက်စတိုင်း နယ်မြေ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူ ၁,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာရှိ တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာတွင် မိမိတို့ ဝန်ထမ်း ၁၁ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ကုလ သမဂ္ဂက ပြောသလို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်းကလည်း ၎င်းတို့၏ အဖွဲ့ဝင် ငါးဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ပြောသည်။

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသတွင် လက်နက်ကိုင် အစ္စရေးအခြေချသူများက တောင်ပိုင်းမြို့ Nablus ကို တိုက်ခိုက်ခဲ့သည့်အတွက် ပါလက်စတိုင်း လေးဦးထက်မနည်း သေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၂၉ ဦးအထိ ရှိနေကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သည့် စစ်ဆင်ရေးတခုအတွက် အစ္စရေးသည် ဂါဇာဝန်းကျင်တွင် စစ်သားများ၊ တင့်ကားများနှင့် အခြား သံချပ်ကာယာဉ်များကို စုစည်းထားရှိသည်။ အောက်တိုဘာ ၇ ရက် ဟားမတ်စ်၏ တိုက်ခိုက်မှုက အလွန်ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုမျိုးဖြစ်ပြီး ယင်းကဲ့သို့သော တိုက်ခိုက်မှုမျိုးကို Holocaust (ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့က ဂျူးများကို အစုလိုက်အပြုံလိုက် သတ်ခြင်း) နောက်ပိုင်း မိမိတို့ မမြင်တွေ့ခဲ့ဘူးခဲ့ဟု နေတန်ယာဟုက ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မဟာမိတ် အစ္စရေးအတွက် နောက်ထပ် စစ်လက်နက်ပစ္စည်းများနှင့် အကြီးစား စစ်လက်နက်ပစ္စည်းများ ပေးပို့မည်ဟု ကတိပြုခဲ့သလို အရပ်သားများ သတ်ဖြတ်ခံရသည့် ဟားမတ်စ်တို့၏ မကြုံစဖူးသော တိုက်ခိုက်မှုအပေါ် စက်ဆုပ်ရွံရှာကြောင်း ထုတ်ဖော်သည်။

ထို့ပြင် ဟားမတ်စ်၏ တိုက်ခိုက်မှုများအပေါ် အစ္စရေးဘက်က တုံ့ပြန်ရာတွင် ထိန်းသိမ်းဆောင်ရွက်ရန် ဘိုင်ဒင်က ပထမဆုံးအကြိမ် ပြောကြားခဲ့ပြီး စစ်၏ စည်းမျဉ်းများကို လိုက်နာရန် အစ္စရေးကို တိုက်တွန်းခဲ့သည်။

Israel vows Hamas's destruction after deadly assault
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly