ရုရှားနှင့် စစ်ကောင်စီအကြား နျူကလီးယား အခြေခံအဆောက်အအုံဆိုင်ရာ MoU လက်မှတ်ရေးထိုး

ရုရှားနှင့် စစ်ကောင်စီအကြား နျူကလီးယား အခြေခံအဆောက်အအုံဆိုင်ရာ MoU လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနှင့် အကဲဖြတ်ရေးနှင့်ပတ်သက်ပြီး မြန်မာစစ်ကောင်စီနှင့် နားလည်မှု စာချွန်လွှာ (MoU) တရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားအစိုးရပိုင် Rosatom စွမ်းအင်ကော်ပိုရေးရှင်းက ထုတ်ပြန်သည်။

“မြန်မာမှာ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ဦးစားပေး နယ်ပယ်ကဏ္ဍတွေအတွက် အစီအစဉ်တရပ် ဖော်ထုတ်ဖို့နဲ့ မြန်မာမှာ နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် လက်ရှိ လိုအပ်ချက်တွေကို စူးစမ်းတွက်ချက်ဖို့ နှစ်ဖက်စလုံးက စီစဉ်ထားပါတယ်” ဟု ရုရှားကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ပြောသည်။

ကုမ္ပဏီအနေဖြင့် ယခုနှစ်တွင် မြန်မာ၊ ကာဂျစ္စတန်၊ သီရိလင်္ကာတို့နှင့်အကြား နျူကလီးယား လုပ်နိုင်စွမ်းနှင့်ပတ်သက်ပြီး သဘောတူညီချက်များ ရရှိရန် မျှော်လင့်ကြောင်း ပြီးခဲ့သည့် နွေရာသီက Rosatom ၏ အကြီးအကဲ အလက်ဇီ လီခါချက်ဗ်က ပြောသည်။ Rosatom သည် မြန်မာ၌ အသေးစား စက်ရုံတခုအတွက် ဖြစ်နိုင်ခြေဆိုင်ရာ ကြိုတင်လေ့လာမှုကို အပြီးသတ်ရန် စီစဉ်ထားကြောင်း Rosatom ၏ လုပ်ငန်းခွဲတခုဖြစ်သည့် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Atomenergoprom က ယင်း၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြသည်။

ရုရှားနှင့် မြန်မာစစ်ကောင်စီတို့သည် ယခုနှစ် ဖေဖေါ်ဝါရီလက နျူကလီးယား ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တရပ် လက်မှတ်ထိုးခဲ့ပြီး မြန်မာတွင် အသေးစား နျူကလီးယားစွမ်းအင် စက်ရုံတခု တည်ဆောက်ရန် ရည်မှန်းထားကြောင်း ထုတ်ဖော်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly