၉ လကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ထောင်နီးပါး သေဆုံးကြောင်း KNU ပြော 

By YT (မဇ္ဈိမ)
11 October 2023
၉ လကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ထောင်နီးပါး သေဆုံးကြောင်း KNU ပြော 
ပုံအညွှန်း- KNLA တပ်သားများ (ဓါတ်ပုံ- KNU (ပုံဟောင်း))

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလကြာ တိုက်ပွဲတွင် အရာရှိ အရာခံများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃,၈၆၅ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

KNU နယ်မြေများတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲစာရင်းအနှစ်ချုပ် ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးစာရင်းကို ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

KNU လက်အောက်ခံ တိုက်ခိုက်ရေးတပ်များဖြစ်သော KNLA ၊ KNDO နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲအကြိမ်ရေ ၃,၅၇၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃,၈၆၅ ဦး သေဆုံးပြီး ၂ ထောင်ကျော် ထိခိုက်ဒဏ်ရာ ရသွားကြောင်း ဆိုသည်။

တိုက်ပွဲများအတွင်း KNLA၊ KNDO ဘက်ကလည်း တပ်ဖွဲ့ဝင် ၁၁၂ ဦး ကျဆုံးခဲ့ပြီး ၃၉၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

KNU ဘက်က ထုတ်ပြန်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု စာရင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ အတည်ပြုခြင်း၊ ထုတ်ပြန်ငြင်းဆိုခြင်း မရှိသေးပေ။

ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) မြိတ်- ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၇) ဖားအံခရိုင်ဟူ၍ နယ်မြေခုနစ်ခုရှိသည်။ 

အဆိုပါ KNU နယ်မြေခုနစ်ခုအနက် တပ်မဟာ (၇) ဖားအံခရိုင်မှလွဲ၍ ကျန်ခြောက်ခုတွင် အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ စစ်ကောင်စီတပ်နှင့် KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေသည်။ 

ထို့ပြင် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်နှင့် KNU တပ်တို့အကြား တိုက်ပွဲအကြိမ်ရေ ရှစ်ထောင်ကျော် ဖြစ်ပွားခဲ့ကြောင်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။

စာတည်း။   ။ နောင်နောင်

#Mizzima
#စစ်ကောင်စီတပ်
#KNU
#နှစ်ချုပ်တိုက်ပွဲ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly