အမျိုးသမီးနှင့် ကလေးငယ်များပါ သေဆုံးရသည့် စစ်ရှောင်စခန်း ဗုံးကြဲခံရမှုကြောင့် ‘လွန်စွာ စိုးရိမ်’ ကြောင်း ကုလသမဂ္ဂ ပြော

အမျိုးသမီးနှင့် ကလေးငယ်များပါ သေဆုံးရသည့် စစ်ရှောင်စခန်း ဗုံးကြဲခံရမှုကြောင့် ‘လွန်စွာ စိုးရိမ်’ ကြောင်း ကုလသမဂ္ဂ ပြော
မြန်မာနိုင်ငံ မြောက်ပိုင်း လိုင်ဇာမြို့အနီး စစ်ဘေးရှောင် ဒုက္ခသည် စခန်းတစ်ခုတွင် အောက်တိုဘာ ၁၀ ရက်က စစ်ဘေးရှောင် ဒုက္ခသည်များ မြှုပ်နှံရန် အစုလိုက်အပြုံလိုက် ဈာပနအခမ်းအနား ကျင်းပခဲ့သည်။ photo-Stringer/AFP/Getty Images

မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူများအတွက် စစ်ဘေးရှောင်စခန်းတခု ဗုံးကြဲခံရမှုတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် အရပ်သားများ သေဆုံးဒဏ်ရာရသည့် သတင်းများကြောင့် “လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ကုလသမဂ္ဂက ပြောသည်။

တရုတ်နှင့် နယ်စပ်အနီးက စစ်ဘေးရှောင်စခန်းတခုတွင် တနင်္လာနေ့က တိုက်ခိုက်ခံရမှု၌ ကလေးငယ် ၁၃ ဦး အပါအဝင် လူအနည်းဆုံး ၃၀ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်ထက်မနည်း ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG အရ သိရသည်။

ယင်း ဖြစ်ရပ်သည် လွန်ခဲ့သော နှစ်နှစ်ကျော်က အာဏာသိမ်းမှုအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တိုင်းပြည်အား ထိန်းချုပ်ချိန်မှစကာ အရပ်သားများအပေါ် အသေအဆုံး အများဆုံးသော တိုက်ခိုက်မှုတရပ် ဖြစ်နိုင်သည်။ အရှေ့တောင်အာရှ မြန်မာနိုင်င၌ အာဏာသိမ်းမှုကြောင့် အရပ်သားများ ဘေးလွတ်ရာ ရွှေ့ပြောင်းရမှုများ အများအပြား ဖြစ်ပေါ်ကာ တော်လှန်ရေးလှုပ်ရှားမှုများလည်း ထွက်ပေါ်လာခဲ့သည်။

တနင်္လာနေ့က ဗုံးကြဲမှုသည် မြောက်ပိုင်း ကချင်ပြည်နယ် လိုင်ဇာမြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လိုင်ဇာသည် မြန်မာစစ်တပ်နှင့် ဆယ်စုနှစ်များစွာ ပဋိပက္ခ ဖြစ်နေရာ ကချင်လွတ်မြောက်ရေးတပ် KIA ၏ ရုံးချုပ်စိုက်ရာ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လွှတ်တော်ရေးရာ အဖွဲ့အစည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ယခု ဗုံးကြဲမှုအတွက် အာဏာသိမ်းစစ်ကောင်စီကို အပြစ်ဆိုသော်လည်း စစ်တပ်၏ ပြောခွင့်ရသူ ဇော်မင်းထွန်းက ထို ပြောဆိုချက်ကို အင်္ဂါနေ့တွင် ငြင်းဆန်ပြီး ပေါက်ကွဲမှုနောက်တွင် သူပုန်အဖွဲ့များ ပါသည်ဟု ပြောဆိုသည်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးက ယခင် တွစ်တာဖြစ်သော X တွင် အင်္ဂါနေ့က ထုတ်ပြန်ရာ၌ “ပြီးခဲ့သည့် ညက လိုင်ဇာအနီးရှိ IDP (ပြည်တွင်းနေရပ်ရွှေ့ပြောင်းသူများ) စခန်းကို ဗုံးကြဲခံရ၍ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အရပ်သားများ သေဆုံးရသည့် ကချင်ပြည်နယ်က ကနဦး သတင်းများအတွက် လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဖော်ပြထားသည်။

“IDP စခန်းများသည် ဒုက္ခသည်များနှင့် အရပ်သားများအတွက် ဖြစ်ပြီး မည်သည့်အခါမှ ပစ်မှတ် မဖြစ်သင့်ကြောင်း”လည်း ထပ်လောင်း ဆိုထားသည်။

အရပ်သားပြည်သူများ သေဆုံးသည့် သတင်းများကြောင့် “ထိတ်လန့်ရကြောင်း” မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးကလည်း ပြောဆိုသည်။

“ပြီးခဲ့တဲ့နှစ်က စစ်တပ်ဟာ အရပ်သား အနည်းဆုံး ၃,၈၅၇ ဦးကို သတ်ဖြတ်ထားတယ်၊ အကြမ်းဖက်မှုတွေကြောင့် နေအိမ်စွန့်ခွာရသူပေါင်း ၁ ဒသမ ၂ သန်း အနည်းလေး ရှိတယ်”ဟု သံရုံးတာဝန်ခံ ကင်အိုဖလက်ရှာတီက X တွင် အင်္ဂါနေ့က ပြောဆိုသည်။

ယခု တိုက်ခိုက်မှုအား “လက်သင့်ခံစရာ မရှိ” ဟု ဆိုရင်း “မြန်မာစစ်တပ်အနေနဲ့ မြန်မာပြည်သူတွေကို ရက်စက်စွာ ပြုကျင့်နေတာတွေ ရပ်တန့်ဖို့ ကျွန်တော်တို့ ထပ်လောင်းပြောဆိုတယ်”ဟု ပြောဆိုခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required