နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၁ အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၁ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်‌ရေး အဖွဲ့လက်အောက်ရှိ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က အခြေခံစစ်ပညာသင်တန်းကို ဖွင့်လှစ် သင် ကြားပေးခဲ့ကြောင်း တနင်္သာရီ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ကယားစစ်ဒေသခွဲတွင် ပြည်သူကာကွယ်ရေးတပ်မတော်၏ ရဲဘော်တွေကို PDF များလိုက်နာ ကျင့်ဆောင်ရမည့်  ပြည်သူလူထုလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်သူလုံခြုံရေး ဌာနမှ တာဝန်ရှိ သူများက စဥ်ဆက်မပြတ် သင်ကြားပို့ချပေးလျက်ရှိတယ်လို့ အမျိုးသားညီညွတ် ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၄၀/၂၀၂၃) ကို အောက်တိုဘာ ၁၀ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

လူနည်းစု တိုင်းရင်းသားများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည့် လုပ်ရပ်များကို အိမ်နီးချင်း နိုင်ငံများ အပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်း စစ်ကောင်စီကို ဝိုင်းပယ် ကန့်ကွက်ကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက အလေးအနက် ပန်ကြား ကြောင်း ထုတ်ပြန်သည်။

တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်အတွက် ဒီမိုကရေစီအင်အားစုများကို ထိရောက်သော ပံ့ပိုးကူညီမှုများနှင့်အတူ လက်တွဲလုပ်ဆောင်ပေးရန် တိုက်တွန်းကြောင်း CRPH မှ ထုတ်ပြန်သည်။

ကချင်ပြည်နယ် လိုင်ဇာဒေသ မုန်လိုင်ခက်ကျေးရွာ စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့်ပစ်ခတ်မှု နှင့်လေကြာင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် အင်အားပြင်းထန်သည့် ဗုံးသီးများပါဝင်ပြီး ပေါက်ကွဲသည့်တည်နေရာနှင့် ပေ ၂၀၀ခန့်အထိ သက်ရောက်မှုရှိခဲ့ဟု အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

အကြမ်းဖက်စစ်တပ်က ၁၀ဦးနှင့် အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ် ၂၀ကျော် အတွင်း အရပ်သားပြည်သူ ၅၉၀ ကျော်ကို ကျူးလွန် သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) က ထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ (၉) ရက်နေ့က ကလေးငယ်များအပါအဝင် အနည်းဆုံး အရပ်သား (၂၉) ယောက် ကို အသက်ဆုံးရှုံးစေခဲ့ပြီး အများအပြားကို ဒဏ်ရာရစေခဲ့သော တိုက်ခိုက်မှု သတင်း များကြောင့် ကနေဒါနိုင်ငံက ထိတ်လန့်တုန်လှုပ်မိကြောင်း သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုမှာ အရေးပေါ် လိုအပ်ချက် အသုံးပြုနိုင်ရေးအတွက် The Way Musical Film က ကျပ်သိန်း ၁၀၀ ကို အောက်တိုဘာလ ၁၀ ရက်နေ့ညက ချက်ချင်းပဲ ပေးပို့ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ မုန်လိုင်ခက်ကျေးရွာအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အများအပြား အသက်ဆုံးရှုံးကြရသည့်သတင်းကို ကြားသိရသည့်အတွက် ယူကေအစိုးရအနေဖြင့် ထိတ်လန့်တုန်လှုပ်မိကြောင်း အောက်တိုဘာ ၁၁ ရက်နေ့မှာ ယူကေသံရုံးကထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်၏ တိုက်ခိုက်မှု ကြောင့် လူ ၂၉ ဦး ထက်မနည်း သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ်အပေါ် အမေရိကန်နှင့် ပြင်သစ်က အောက်တိုဘာ ၁၀ ရက်တွင် ပြစ်တင်ဝေဖန်သည်။

၂၀၂၁ ခုနှစ် အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းခဲ့သည့် နောက်ပိုင်း တိုက်ပွဲဖြစ် ပွားရာ နေရာ အတော်များများမှာ ဒေသခံ ကလေး လူငယ်များအတွက် ပညာရေးထိခိုက်မှု ဆိုးဆိုးရွားရွား ခံစားနေရကြရကြောင်း ကမ္ဘာဘဏ်က ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ပေကြီးရွာကို မီးရှို့ဖျက်ဆီးကာ နေအိမ်များကို မွှေနှောက်ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် "မုန်လိုက်ခက်နဲ့အတူ ရပ်တည်ကြ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ကြ" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းမှ ကလေးနှင့် ပြည်သူများသေဆုံးမှု အပေါ် ကုလသမဂ္ဂအတွင်းရေး မှူးချုပ် António Guterres အနေဖြင့် စိုးရိမ်ထိတ်လန့်မိကြောင်း အတွင်းရေး မှူးချုပ်၏ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarricက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာတစ်ခုတွင် ပြည်သူ့သပိတ် တပ်ပေါင်းစုမှ တော်လှန် လူငယ်များ ဦးဆောင် ကာ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် အမှတ် ၄ နယ်မြေ ရဲစခန်းမှ နယ်ထိန်း ရဲ မိုးစန်းဦးကို Generation Z Power မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရာ နယ်ထိန်းရဲမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း Generation Z Power - GZP ( Mandalay)ထံမှ သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

အကြမ်းဖက်စစ်တပ်၏ ဆိုးရွားစွာစစ်ရာဇဝတ်မှုကျူးလွန်တာကိုခံခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူလူထုများအတွက် ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် တအာင်း၊ ကိုးကန့်၊ ရက္ခိုင် အဖွဲ့အစည်းများက များစွာဝမ်းနည်းကြေကွဲရပြီး တရားမျှတမှုနှင့် အမှန်တရားရရှိရေးတို့အတွက် ကချင်ပြည်သူလူထု၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) တို့နှင့်အတူ တသားထဲရှိကြောင်း ထုတ်ပြန်ကြေညာသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ဒုန်းဒူထန်ရပ်ကွက်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁၀ ဦးထက် မနည်း သေဆုံးကာ ၎င်းတို့၏ရဲဘော်တဦးကျဆုံးခဲ့ကြောင်း မိုးဗြဲ Local PDF မှ သတင်းထုတ်ပြန် ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ယခု ၂၀၂၃ ဇန်နဝါရီမှ စက်တင်ဘာအထိ တိုက်ပွဲပေါင်း ၃,၅၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KNUက ယနေ့ သတင်းထုတ် ပြန်သည်။

အမှတ်(၁၀၀၈)SSRYတပ်ရင်း (Southern Shan Re volution Youth) တွင် တာဝန်ထမ်းဆောင်ခဲ့ သော ရဲဘော် ၂၃ဦး ၎င်းတို့ထံ တရားဝင် ပူးပေါင်းကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)တပ်ရင်း -၂က ယနေ့ အသိပေး ထုတ်ပြန်သည်။

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် ကလေးငယ် ၁ ဦးကို ပြန်ပေးဆွဲခဲ့သည့် အဖွဲ့ကို TNLA က ဖမ်းဆီး နိုင်ခဲ့ပြီး ၂ ဦးအရှင်ဖမ်းမိကာ ၁ ဦးသေဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

အကြမ်းဖက်စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင်းထွန်းနှင့် ဗိုလ်ချုပ် ရန်နောင်စိုးတို့ကို ကိုယ် ကျိုးစီး ပွားအတွက် အာဏာအလွဲသုံးစားလုပ်ခြင်း၊ စီးပွားရေးသမားများထံမှ တံစိုးလက် ဆောင် ရယူခြင်း စသည့် ပြစ်မှုများဖြင့် ထောင်ဒဏ် နှစ် ၂၀ နှင့်ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချ မှတ်ကြောင်း အကြမ်းဖက် စစ်ကောင်စီက ယမန်နေ့ညပိုင်းက ထုတ်ပြန်ကြေညာသည်။

အီလက်ထရောနစ်မဲပေးစက် အသုံးပြုပြီး မဲပေးပုံ နည်းစနစ်များကို ပြည်သူတွေ လာရောက် လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်တို့အကြား လတ်တလော ဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများ အတွက် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်မိပြီး ယခုဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအား အနီးကပ် လေ့လာစောင့်ကြည့်လျက် ရှိကြောင်း အကြမ်းဖက်စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ရေကြီးရေလျှံမှုများဖြစ်နေသည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ အောက်တိုဘာ(၁၀)ရက်၊ ညနေ ပိုင်းအထိ ယာယီ ရေဘေးရှောင်စခန်း(၄၇)ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ (၂၇၃၀၂ ) ယောက်ကို ကူညီစောင့်ရှောက်ပေး ထားကြောင်း စစ်ကောင်စီ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကနေ သိရသည်။

အောက်တိုဘာ ၁၁ ရက် သုံးသပ်ချက်

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ရှုတ်ချခြင်း၊စိုးရိမ်တုန် လှုပ်ခြင်းများ ထုတ်ပြန်သည်ကို ကြိုဆိုသော်လည်း ယင်းအဆင့်များကို ကျော်လွန်ပြီး အကြမ်းဖက် စစ် ကောင်စီကို လက်တွေ့ပါသည့် အရေးယူမှုများ ပြုလုပ်ရမည်ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမာ့စ် ပြဿနာကို စိုးရိမ်သည် စောင့်ကြည့်နေသည်ဟု စစ်ကောင်စီက ထုတ်ပြန်နေမည့်အစား စစ်ကောင်စီ အနေဖြင့် ျ၎င်းတို့တို့ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကိုသာ အမြန်ဆုံး ဝန်ခံကာ တာဝန်ခံယူသင့် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required