လိုင်ဇာအနီး စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ စိုးရိမ်ကြောင်းထုတ်ပြန်ထားကြ 

By မဇ္ဈိမ 
11 October 2023
လိုင်ဇာအနီး စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ စိုးရိမ်ကြောင်းထုတ်ပြန်ထားကြ 

ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO ဌာနချုပ်အနီး ဒုက္ခသည်စခန်းမှာ လူ ၃၀ နီးပါး သေဆုံးခဲ့တဲ့ ပေါက်ကွဲမှုအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေက စိုးရိမ်မှုတွေ ထွက်ပေါ်လာပါတယ်။ 

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးက လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့တဲ့ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ သေဆုံးရကြောင်း ကြားသိရတဲ့အတွက် UNICEF အနေနဲ့ များစွာ ထိတ်လန့်ဝမ်းနည်းရမိကြောင်းဖော်ပြထားပါတယ်။

လိုင်ဇာမြို့အနီး  မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီအား နာမည်တပ် ပြောဆိုရေးသားခြင်းမပါတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့်  UNICEFရဲ့  ထုတ်ပြန်ချက်ကို လူမှုကွန်ရက်သုံးစွဲသူများက ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။

ဒုက္ခသည်စခန်းက ဖြစ်ရပ်အတွက် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပြောဆိုခဲ့တာပါ။
သက်ဆိုင်ရာ သတင်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ အထူးစိုးရိမ်ကြောင်းနဲ့ တရုတ်-မြန်မာနယ်စပ် လုံခြုံရေးအတွက် တင်းမာမှုတွေကို ရှောင်ရှားပြီး သဘောထား ကွဲပြားမှုတွေကို သက်ဆိုင်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin အင်္ဂါနေ့ ဘေဂျင်းမြို့တော်မှာကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဗြိတိန်သံရုံးကလည်း မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးကြရတဲ့သတင်းကို ကြားသိရတဲ့အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း Facebook လူမှုကွန်ရက်မှာ ပြောဆိုခဲ့တာပါ။
မြန်မာစစ်တပ်အနေနဲ့ မြန်မာပြည်သူများပေါ် ရက်စက်သည့်တိုက်ခိုက်မှုများ ရပ်တန့်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ Ken O’Flaherty က အသိပေးပြောကြားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာစစ်တပ်ကို အပြည့်အဝ လက်နက်ပိတ်ပင်တာ၊ တိုက်လေယာဉ်ဆီတွေ တင်သွင်းမှု ရပ်ဆိုင်းတာကို အမြန်ဆောင်ရွက်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ လူ့အခွင့်အရေးဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်လိုင်ဇာအနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေးသူငယ်အ ပါအဝင် အရပ်သားပြည်သူ ၃၀ ထက်မနည်း သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့တာပါ။

လေ‌ကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်းက လူဦးရေ ၆၀၀ ခန့်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သွားရောက်ကူညီခဲ့တဲ့ Kachin Gender Star Group က ထုတ်ပြန်ထားပါတယ်။

မုန်လိုင်ခက် စစ်ဘေးဒုက္ခသည် စခန်းဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးမှာ ရှိပြီး ဒီစခန်းတိုက်ခိုက်ခံရမှုဟာ သူတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly