တိုက်ပွဲများကြောင့် ကလေးတွေရဲ့ ပညာရေး ဆိုးဆိုးရွားရွား ထိခိုက်နေ

By မဇ္ဈိမ 
11 October 2023
တိုက်ပွဲများကြောင့် ကလေးတွေရဲ့ ပညာရေး ဆိုးဆိုးရွားရွား ထိခိုက်နေ

၂၀၂၁ ခုနှစ် အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း တိုက်ပွဲဖြစ်ပွားရာ နေရာ အတော်များများမှာ ဒေသခံ ကလေး လူငယ်တွေအတွက် ပညာရေးထိခိုက်မှု ဆိုးဆိုးရွားရွား ခံစားနေရကြရပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိက္ခများ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပညာရေးစနစ်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံရှိ အချို့မြို့များက ကျောင်းသား၊ ကျောင်းသူတွေဟာ စာသင်ခန်းကို ပြန်လည်လာရောက်ရန် ခက်ခဲရုန်းကန်နေရပြီး ကျောင်းဆရာ၊ ဆရာမတွေနဲ့ လုပ်အားပေးဆရာများက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ အခြေခံအတန်းပညာများကို သင်ကြားပေးဖို့ ကြိုးပမ်းနေရကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားထားပါတယ်။

ကရင်နီဒေသအတွင်းမှာ နေထိုင်သူတွေကတော့ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ တက်ရောက် သင်ကြားခွင့်တွေရှိနေပေမဲ့ တိုက်ပွဲတွေ မပြတ်ဖြစ်ပွါးနေတဲ့ မြို့နယ်၊ ကျေးရွာတွေမှာ နေထိုင်ရတဲ့ လူငယ်တွေနဲ့ တောတောင်တွေထဲ ခိုလှုံနေရ သူတွေကတော့ ကျောင်းမတက်နိုင်ကြဘူးလို့သိရပါတယ်။

ယာယီစစ်ရှောင်စခန်းတွေ ရှိရာနေရာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေယာဉ်တွေ သုံးပြီး မကြာမကြာ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်  ယာယီစာကျောင်းတွေ ထိခိုက်ပျက်စီးရသလို ဘေးကင်းလုံခြုံတယ်လို့ ထင်ရတဲ့ နေရာဆီ မကြာခဏ ပြောင်းရွှေ သင်ကြားနေကြရကြောင်းနဲ့ တိုက်ပွဲဖြစ်ရင် စာမသင်ရပဲ ပုန်းခိုကျင်းမှာ ပုန်းခိုနေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်သူတွေ များလာရင် စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် တစုတစည်းတည်း စုပေါင်းနေထိုင်လို့ မရဘဲ ဝေးလံခေါင်ဖျားတဲ့ နေရာဆီ တိမ်းရှောင် နေကြရတဲ့ အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းမတက်ရဘဲ ပညာရေးဆုံးရှုံးနေရတယ် လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း နယ်မြေ မငြိမ်းချမ်းတာနဲ့ ဆရာ၊ ဆရာမတွေ မလုံလောက်တာကြောင့် ကလေးတွေ ပညာသင်ကြားရေးအတွက် အတော်ခက်ခဲနေတယ်လို့ ဒေသခံ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်း မြန်မာကလေးတွေရဲ့ ပညာရေးအတွက် အရပ်ဘက်နဲ့ အစိုးရအဖွဲ့အစည်းတွေက နှစ်ပေါင်း ၃၀ လောက် ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ပြဿနာတွေ ပိုပြီးဆိုးရွားလာတယ်လို့ လေ့လာခဲ့တဲ့ သုတေသနအဖွဲ့တွေက ပြောပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်း မြန်မာကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး သုတေသနစာတမ်း တင်ပြပွဲကို ထိုင်း-မြန်မာ နှစ်နိုင်ငံက သုတေသန ၈ ဖွဲ့ပူးပေါင်းပြီး အောက်တိုဘာလ ၂ ရက်နေ့တုန်းက ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ပြုလုပ်ခဲ့ပါတယ်။ 

လက်တွေ့မှာ နယ်စပ်မှာရော မြန်မာပြည်တွင်းမှာပါ မရေရာ မလုံခြုံမှုတွေကို ကြုံတွေ့နေပြီး၊ ဒါတွေက ဘယ်အချိန်မှာ ဘယ်လိုအဆုံးသတ်မလဲဆိုတာမသိရှိသလိုရွှေ့ပြောင်းနေထိုင်နေတဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို သုတေသနစာတမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly