မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်မှု နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဟု ကနေဒါသံရုံးထုတ်ပြန်

By မောင်ခက်နွေ (မဇ္ဈိမ)
11 October 2023
မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်မှု နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဟု ကနေဒါသံရုံးထုတ်ပြန်
ပုံစာ - မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူများကို အသုဘချနေသည့် မြင်ကွင်း  (ဓာတ်ပုံ - Khon Lay)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းအား အကြမ်းဖက်တိုက်ခိုက်မှုသည်  နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ပြီး ထိုလုပ်ရပ်ကို လက်သင့်ခံ၍ မရဟု ကနေဒါသံရုံးက  သတင်းထုတ်ပြန်သည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီက အောက်တိုဘာ ၉ ရက်ညက   အကြမ်းဖက်တိုက်ခိုက်ရာမှာ ကလေးငယ် ၁၁ ဦးအပါအဝင်  ၂၉ ဦး သေဆုံးပြီး ၅၇ ဒဏ်ရာရခဲ့သည်ဟု ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA) က ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုကို  ရှုတ်ချကြောင်း  မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးက ယနေ့ အောက်တိုဘာလ ၁၁ ရက် နံနက်တွင် အင်္ဂလိပ်၊မြန်မာနှစ်ဘာသာဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

" အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် သတ်ဖြတ်ခြင်းက နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်။ ဤသည်ကို လက်သင့်ခံ၍ မရပေ"ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နေရပ်ပြောင်းရွှေ့နေထိုင်သူများသည် မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်၏ ပိုမိုဆိုးရွားလာသည့် အကြမ်းဖက်မှုဒဏ်ကို ခံနေရသည့် ထိလွယ်ခိုက်လွယ်ဆုံး အရပ်သားများ ဖြစ်ကြသည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ အရပ်သားများအား ပစ်မှတ်ထားခြင်းကို အဆုံးသတ်ရန်၊ နိုင်ငံတကာ ဥပဒေများကို လိုက်နာရန်နှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီများကို အပြည့်အဝနှင့် အကန့်အသတ်မရှိ ပေးခွင့်ပေးရန်တို့ကိုလည်း ကနေဒါသံရုံးကတောင်းဆိုထားသည်။

ထိုဗုံးကြဲတိုက်ခံရမှုတွင် သေဆုံးသူများအနက် အသက်  ၁၆  နှစ်အောက် ကျောင်းနေအရွယ် ကလေးငယ် ၁၁ ဦး ပါဝင်ကြောင်း  KIA က တရားဝင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ထိုတိုက်ခိုက်မှုသည်  လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပြီး အပြစ်မဲ့ ပြည်သူမှန်းသိလျက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောထားသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းအား တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ပြစ်တင်ရှုတ်ချကြောင်းနှင့် တရားမျှတမှုရရှိရေး အဖြေရှာသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့ကလည်း  ထုတ်ပြန်ထားကြသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly