ချင်းတွင်းမြစ်အနောက်ဘက်ကမ်း မန်ကျည်းတထောင်ကျေးရွာတွင် သောက်ရေပြတ်

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း မန်ကျည်းတထောင်ကျေးရွာတွင် သောက်ရေပြတ်
ဓာတ်ပုံ - မာန်ဇာမြေမွန်

မုံရွာ၊ ဧပြီ ၂၂ ။                ။ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်၊ မန်ကျည်းတထောင်ကျေးရွာတွင်  သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရ ကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောသည်။

အဆိုပါကျေးရွာတွင် သောက်ရေကန် နှစ်ကန်ရှိပြီး ယခုအချိန်တွင် ရေခန်းခြောက်လာသည့် အတွက် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ရွာအနီးအနားမှာ ရေသိုလှောင်ကန်တွေတူးဖော်ထားပါတယ်။ နှစ်တိုင်း ရေက လုံလောက်မှု မရှိပေမယ့် ဒီနှစ်ကျတော့ ပိုမိုဆိုးဝါးလာပြီးရေပြတ်လပ်သွားခဲ့  ပါတယ်။"ဟု မန်ကျီးတစ်ထောင်ကျေးရွာမှ ဆရာတော် ဦးကဝိ က မိန့်ကြားခဲ့သည်။

ယခုအချိန်တွင် အလှူရှင်များမှ လာရောက်ရေလှူဒါန်းမှုများ ရှိသဖြင့် အနည်းငယ် ပြေလည်မှု ရှိခဲ့ပြီး ရေရှည်တွင် အခက်အခဲရှိကြောင်း သိရသည်။

"အလှူ ရှင်တွေရောက်လာလို့တော့ အနည်းငယ်အဆင်ပြေတယ်။ ရေရှည်အတွက်တော့ အဝိစိတွင်းတွေ တူးဖော်ထားဖို့လိုအပ်တယ်။"ဟု ဆက်လက်မိန့်ကြားသည်။

အဆိုပါ မန်ကျည်းတထောင်ကျေးရွာ တွင် အိမ်ခြေ(၅၀)ခန့် နှင့်  လူဦးရေ (၂၀၀)ခန့်ရှိကြောင်း၊ တိရိစ္ဆာန်မွေးမြူရေး နှင့် ဖျာ၊ သင်ဖြူး၊ တောင်း၊ စကော စသည့် လက်မှုလုပ်ငန်းတို့ လုပ်ကိုင်ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly