NUG လမ်းညွှန်မှုဖြင့် တနင်္သာရီတွင်  ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အခြေခံစစ်ပညာသင်တန်းပြုလုပ် 

By ကိုရွှေမြိတ်(မဇ္ဈိမ)
10 October 2023
NUG လမ်းညွှန်မှုဖြင့် တနင်္သာရီတွင်  ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အခြေခံစစ်ပညာသင်တန်းပြုလုပ် 

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အခြေခံစစ်ပညာ သင်တန်းပြုလုပ်သည်ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“NUG ရဲ့ One year plan အရ နွေဦးကာလမှာ ထိုးစစ်ဆင်‌ပြီး စစ်ရေးအရှိန် မြှင့်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုစတားက ပြောသည်။

အဆိုပါစစ်ပညာသင်တန်းအား သင်ကြားပို့ချပေး နေသည်မှာ နှစ်ပတ်ပြည့်သွားပြီဖြစ်ပြီး သင်တန်းသား ဦးရေ ၈၀ ခန့် တက်ရောက်သင်ကြား နေသည်ဟု ဆိုသည်။

အဆိုပါသင်တန်းတွင် စစ်ရေးပြ၊ လက်နက်ငယ် ဖြုတ်တပ်ခြင်း၊ လက်နက်ငယ် ပစ်ခတ်ခြင်း၊ အခြေခံစစ်ရေးနှင့် နိုင်ငံရေး ဘာသာရပ်များ သင်ကြားပို့ချပေးခြင်းဖြစ်သည်ဟု ကိုစတားက ပြောသည်။

အဆိုပါ အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၃) သို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက နိုင်ငံရေးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လာရောက်သင်ကြား ပို့ချပေးခဲ့ပြီး သင်တန်းကာလမှာ တလကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း တနင်္သာရီတိုင်း စစ်ဌာန၊ စစ်ဆင်ရေး ဌာန၏ ‌ Drone လက်ရုံး တပ်ဖွဲ့ (Dragon squad) မှ ပြုလုပ်သည့် မောင်းသူမဲ့ Drone သင်တန်း အပါတ်စဉ် (၁/၂၀၂၃) သင်တန်း ဆင်းပွဲကိုလည်း ပြုလုပ်ခဲ့ သေးသည်ဟု သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly