ရန်ကုန် ။ ။ ဧပြီ ၂၁ မီဒီယာကုမ္ပဏီကြီးတစ်ခုမှ နှစ်သစ်ကူးလက်ဆောင်အဖြစ်ပေးသည့် သိန်း (၅၀)ဖြင့် ရေ ရှားပါးနေသော ပဲခူးတိုင်ဒေသကြီး၊ သနပ်ပင်မြို့နယ် အတွင်းရှိ ကျေးရွာ (၅) ရွာမှ ရေကန်ဟောင်း ၅ ကန်ကို ပြန်လည်တူးဖော်ရန် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီး ဌာန ဝက်ဆိုက်တွင် ရေးသားထားသည်။
သနပ်ပင်မြို့နယ်အတွင်းရှိ ရွာပေါင်း(၂၅)ရွာမှ မြေသားရေကန် များမှာ နှစ်ကာလကြာမြင့်၍ ရေငန်ရေစိမ့်ဝင်နေမှုကြောင့် သောက်ရေအဖြစ် အသုံး မပြုနိုင်ဘဲ သုံးရေအဖြစ်သာ အသုံးပြုနေရသဖြင့် အထက်ကျုံပါကျေးရွာ၊ နတ်ရေကန်ကျေးရွာ၊ ခလပ်စုကျေးရွာ၊ သနတ္တန်း ကျေးရွာနှင့် ကျီးပင်စုကျေးရွာများတွင် သောက်သုံးရေ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
၎င်းရွာများရှိ ရေကန်ဟောင်း(၅)ကန်ကို ပြန်လည်တူးဖော်နိုင်ခြင်းဖြင့် ရက်သတ္တပတ် (၂)ပတ်အတွင်း သောက်သုံးရေပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကန်များ ပြုပြင်မှုအတွက် တစ်ကန်လျှင် ငွေကျပ်(၁၀)သိန်းခန့်ဖြင့် ငွေကျပ်သိန်း (၅၀)ခန့် ကုန်ကျမည်ဖြစ်ရာ ၎င်းကန်များ ပြုပြင်ပြီးစီးပါက ကျေးရွာ (၅)ရွာရှိ အိမ်ထောင်စု(၂၉၄၉)စုရှိ လူဦးရေ စုစုပေါင်း(၁၂၇၉၅)ဦးအတွက် သောက်သုံးရေ ဖူလုံနိုင်မည်ဖြစ်ကြောင်း သိရသည်။