တရုတ် သမ္မတရှီကျင့်ဖျင်က စစ်သေနာပတိချုပ်အဖြစ် ရာထူးရယူ

တရုတ် သမ္မတရှီကျင့်ဖျင်က စစ်သေနာပတိချုပ်အဖြစ် ရာထူးရယူ

ပေကျင်း၊ ဧပြီ ၂၁ ။              ။ လက်နက်ကိုင်စစ်တပ်အပေါ် ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ရန် တရုတ်သမ္မတရှီကျင့်ဖျင်က စစ်ရာထူးသစ်ကို ရယူခဲ့သည်။

ပူးတွဲစစ်ရေးကွပ်ကဲမှုစင်တာ၏ အကြီးအကဲ စစ်သေနာပတိချုပ်အဖြစ် သမ္မတရှီကျင့်ဖျင်က ရယူလိုက်ခြင်းဖြစ်သည်။

နိုင်ငံပိုင်သတင်းမီဒီယာတွင် သမ္မတရှီကျင့်ဖျင်အား ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်လျက် စင်တာသို့ လာရောက်လည်ပတ်မှုများကို ပြသသွားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် နှစ်များအတွင်း နိုင်ငံခြားရေးမူဝါဒတွင် ငါတကော ကောမှုများ ပိုမိုမြင့်တက်လာခဲ့ပြီး အထူးအားဖြင့် တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုတွင်ဖြစ်သည်။

သမ္မတရှီကျင့်ဖျင်သည် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ကွပ်ကဲသည့် ဗဟိုစစ်ကော်မရှင်အဖွဲ့၏ သဘာပတိလည်းဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့ ရာထူးသစ်အား ရယူလိုက်ခြင်းသည် သမ္မတရှီကျင့်ဖျင်အနေဖြင့် စစ်တပ်အား တိုက်ရိုက်အမိန့်ပေးနိုင်သည့် ခေါင်းဆောင်အဖြစ် ကြိုးစားရယူခြင်းဖြစ်ဖွယ်ရှိကြောင်း သုတေသီများက အကဲဖြတ်ပြောဆိုသည်။

နိုင်ငံပိုင်သတင်းဌာနများတွင် အထူးတလည် အလေးထားဖော်ပြခဲ့သည့် ဧပြီ ၂၀ ရက်က စင်တာသို့ ရှီကျင့်ဖျင် လာရောက်မှုတွင် စစ်တပ်အား အကြွင်းမဲ့သစ္စာရှိရန်နှင့် စစ်အောင်နိုင်ရေး စွမ်းဆောင်နိုင်ရန် တို့အတွက် ၎င်းက ပြောဆိုခဲ့သည်။

သမ္မတတစ်ဦးအနေဖြင့် ရှီကျင့်ဖျင်က စစ်ဝတ်စုံဝတ်ကာ လူလုံးထွက်ပြလိုက်ခြင်းသည် ပြိုင်ဖက်နိုင်ငံများအတွက် တရုတ်၏ လက်ရုံးရည်ကို ပြသလိုက်သည့်ပမာလည်းဖြစ်ကြောင်း အကဲဖြတ်များက ပြောကြသည်။

တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေးတွင် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိပြီး တရုတ်နိုင်ငံက ယင်းပိုင်နက်တစ်ခုလုံးနီးပါးအား ၎င်းပိုင်အဖြစ် ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly