လိုင်ဇာမြို့အနီးရှိ စစ်ရှောင်စခန်း ဗုံးကြဲခံရမှု UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်း တင်ပြ

By မဇ္ဈိမ 
10 October 2023
လိုင်ဇာမြို့အနီးရှိ စစ်ရှောင်စခန်း ဗုံးကြဲခံရမှု UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်း တင်ပြ

လိုင်ဇာမြို့အနီးရှိ စစ်ရှောင်စခန်း ဗုံးကြဲခံရမှု UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။
(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမ ‌ကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ‌ကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခြင်းဖြစ် သည်။

"မိမိယခု မိန့်ခွန်းပြောကြားနေသည့် အချိန်မှာ သိရှိရသည်မှာပင် ယနေ့ညပိုင်း ၌ စစ်တပ်သည် ကချင်ပြည်နယ်ရှိ လိုင်ဇာဒေသကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ကလေးသူငယ်များ အပါအဝင် အရပ်သားများ သေကြေ ဒါဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အဦများလည်း ပျက်ဆီးခဲ့ကြောင်း၊ မြန်မာပြည်သူများ၏ ထိခိုက်ခံစားနာကျင်မှုများကို ဖော်ပြရန်စကားလုံးများ မရှိကြောင်း၊ ပြောရက်စရာမရှိအောင် ဆိုးရွားသော အဖြစ်အပျက်များ ဖြစ်‌ကြောင်း" ဟု ဦးကျော်မိုးထွန်းက ‌ပြောသည်။

 စစ်တပ်သည် ကျောင်းများ၊ ဆေးခန်း ဆေးရုံများ အပါအဝင် ပြည်သူများနေထိုင်ရာ နေရာများကို ခွဲခြားမှုမရှိဘဲ လက်နက်ကြီးများ လေကြောင်းမှ ပစ်ခတ်မှုများ ပြုလုပ်ကြောင်း၊ ပြီးခဲ့သည့် ဧပြီလ က ပဇီကြီးရွာ ကိုလည်းကောင်း၊ ပြီခဲ့သည့် စက်တင်ဘာလက ဝန်းသိုမြို့ရှိ စာသင်ကြားသည့် ဘုန်းကြီးကျောင်းကိုလည်းကောင်း၊ ‌လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ၎င်းက‌ပြောသည်။

တရားမဝင်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်သည် တစ်ဘီလီယံဒေါ်လာကျော် တန်ဖိုးရှိသော လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်း ဝယ်ယူခဲ့ကြောင်း၊ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ပြည်သူ ၄,ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ လူပေါင်း နှစ်သန်း ဝန်းကျင်မှာ နေရပ်စွန့်ခွာခဲ့ရကြောင်း၊ နေအိမ် စုစုပေါင်း ၇၅,ဝဝဝ ကျော်မှာ ဖျက်ဆီးမီးရှို့ခံခဲ့ရကြောင်း၊  Armed Conflict Location and Event Data Project (ACLED) ၏ အချက်အလက်များအရ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လေကြောင်းတိုက်ခိုက်မှုများမှာ တစ်လလျင် ပျမ်းမျှအားဖြင့် တိုက်ခိုက်မှု ၃ဝ ခန့် ရှိကြောင်း ဦးကျော်မိုးထွန်းက ‌ပြောသည်။

 ၂ဝ၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဇီကြီးကျေးရွာအတွင်းသို့ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ကြောင့် မြန်မာပြည်သူ ၁၆ဝ ကျော် သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရခဲ့သည်။

၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ စာသင်ကြားနေသော ဘုန်းကြီးကျောင်းအတွင်းသို့ ပစ်ခတ် တိုက်ခိုက်ရာ ကျောင်းသား ကျောင်းသူ ၁၈ ဦးခန့် ဒဏ်ရာရခဲ့ပြီး၎င်းတို့အနက် ၆ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

အောက်တိုဘာ ၉ ရက်ညပိုင်းက လိုင်ဇာမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းကို ညပိုင်းအိပ်ပျော်နေသည့် အချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကလေးငယ် ၁၃ ဦးအပါအ၀င် အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့သည်။

မြန်မာစစ်တပ်သည် မြန်မာပြည်သူများအပေါ် သတ်ဖြတ်ရက်စက်မှု များကို ကျူးလွန်လျက်ရှိကြောင်း၊ မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့‌သော်လည်း စစ်တပ်သည် စစ်လေယာဉ်များ၊ စစ်လက်နက် ပစ္စည်းများ၊ ဆက်စပ်နည်းပညာများကို လက်ခံရရှိနေဆဲဖြစ်ကြောင်း၊ စစ်တပ်အပေါ် အပြည့်အဝလက်နက် ပိတ်ပင်ခြင်းနှင့် တိုက်လေ ယာဉ်ဆီများ တင်သွင်းမှုရပ်ဆိုင်းခြင်းကို ဆောင်ရွက်ပေးရန် အဆောတလျင် လိုအပ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေး ကောင်စီအား တိုက်တွန်း‌ကြောင်း ဦးကျော်မိုးထွန်းက UN အစည်းအဝေးတွင် ‌ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly