ကချင်နဲ့ရှမ်းမြောက်ပိုင်းမှာ ၁ နှစ်ကျော် ကာလအတွင်းစစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုမြင့်လာ

By Spring
10 October 2023
ကချင်နဲ့ရှမ်းမြောက်ပိုင်းမှာ ၁ နှစ်ကျော် ကာလအတွင်းစစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုမြင့်လာ

စစ်ကောင်စီ တပ်သားတွေဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ မြင့်တက်လာတယ်လို့ “သွေးစွန်းနေသော တံခါးပေါက်များ” အမည်နဲ့ အစီရင်ခံစာကို ထိုင်းနိုင်ငံမှာရှိတဲ့ ကချင်အမျိုးသမီးအစည်းအရုံး - (KWAT) က ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ လနဲ့နှိုင်းယှဉ်ရင် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူ နှစ်ရာနီးပါးနဲ့ လူသားဒိုင်းအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရတဲ့ ဒေသခံ ၂၂၁ ဦးထိ သိသိသာသာ တိုးမြင့်လာတာလို့ KWAT အဖွဲ့က ဆိုထားတာပါ။

စစ်ကောင်စီတပ်ဟာ အဲဒီဒေသတွေကို နယ်မြေထိန်းချုပ်ဖို့လုပ်ရင်း တော်လှန်ရေးအင်အားစုတွေနဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တာကြောင့် အရပ်သားတွေကို ဦးတည်တိုက်ခိုက်လာတာလို့လည်း ဖော်ပြထားပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မြင့်တက်လာတဲ့နေရာတွေဟာလည်း ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (BRI) တိုးချဲ့ရေးအတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာဖြစ်နေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စစ်ဘေးရှောင် IDP ၁၀၇,၀၀၀ ကျော်နေထိုင်တဲ့ ရှိရင်းစွဲ စစ်ဘေးရှောင်စခန်းများပိတ်သိမ်းဖို့ တွန်းအားပေးလုပ်ဆောင်နေပေမယ့် အရပ်သားတွေကို တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကျေးရွာပေါင်း ၁၄၀၀၀ နီးပါး ထပ်မံ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

KWAT ရဲ့စာရင်းအရ ၂၀၂၂ ခုနှစ် ဩဂုတ်လကနေ ၂၀၂၃ ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်မှာ သေဆုံးသူ ရှစ်ဆယ်၊ ဒဏ်ရာရသူ တစ်ရာကျော်ရှိပြီး လက်နက်ကြီး ပစ်ခတ်မှု အကြိမ် သုံးဆယ်မှာ သေဆုံးသူ ကိုးဦး၊ ဒဏ်ရာရသူ ငါးဆယ်ကျော်ရှိပါတယ်။

ဒါ့အပြင် ပစ်ခတ်သတ်ဖြတ်မှု ၁၂ ကြိမ်မှာ သေဆုံးသူ ရှစ်ဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

IDP စခန်းတွေမှာ စခန်းတွင်း အကူအညီပေးရေးအဖွဲ့တွေ နည်းပါးလာတဲ့အပြင် ရိက္ခာပံ့ပိုးမှုမရရှိတာကြောင့် ဆက်လက်အသက်ရှင်ရန် ခက်ခဲလာတဲ့ IDP ၄၀၀၀ ကျော်ရှိတယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် ၎င်းတို့ဟာ မြစ်ကြီးနားတောင်ဘက်ရှိ ၎င်းတို့ရဲ့ မူလကျေးရွာများသို့ ပြန်ခဲ့ကြပေမယ့်လည်း ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စကာ အကြမ်းဖက်စစ်တပ်ရဲ့ ဗန်းမော်-မြစ်ကြီးနားကားလမ်းလုံခြုံစေရန် ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးများကြောင့် နေရပ်ပြန်သူတွေဟာ ၎င်းတို့ရဲ့ နေထိုင်ရာနေရာတွေကနေ ထပ်မံ ထွက်ပြေးခဲ့ရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

KWAT အနေနဲ့  အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့  ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ရပ်တန်ဖို့နဲ့ ၎င်းတို့အပေါ် သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားများ တိုးမြှင့်ပေးဖို့ အရေးပေါ်တောင်းဆိုကြောင်း၊ အလှူရှင်နိုင်ငံများအနေနဲ့  စစ်တပ်ရဲ့ IDP စခန်းများ ပိတ်သိမ်းရေးအစီအစဉ်ကို ပံ့ပိုးမှုမပြုရန်၊ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများကို ဦးစားပေးကာ ရှိရင်းစွဲနဲ့  နောက်ထပ်တိုးပွားလာတဲ့ IDP အကူအညီတွေကို တို့မြှင့်ပေးဖို့အတွက်လည်း တိုက်တွန်းကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခု အောက်တိုဘာလ ၉ ရက်နေ့မှာပဲ ကချင်ပြည်နယ် KIA ဌာချုပ်အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ည ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်တွေကို လူမဆန်စွာဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၃၀ ကျော်လ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly