အစ္စရေးရောက် မြန်မာတွေ ပြန်လိုပါက ဆက်သွယ်နိုင်ကြောင်း စစ်ကောင်စီသံရုံးပြော

By Spring
10 October 2023
အစ္စရေးရောက် မြန်မာတွေ ပြန်လိုပါက ဆက်သွယ်နိုင်ကြောင်း စစ်ကောင်စီသံရုံးပြော

အစ္စရေး နဲ့ ပါလက်စတိုင်းကြား မှာ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဖြစ်နေတာကြောင့် အစ္စရေး ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အခက်အခဲတစ်စုံတစ်ရာရှိတာ နဲ့ မြန်မာနိုင်ငံကို ပြန်လိုတာရှိရင် ဆက်သွယ်နိုင်တယ်ဆိုပြီး အစ္စရေးအခြေစိုက် မြန်မာစစ်ကောင်စီသံရုံးက သတင်းထုတ်ပြန်ပါတယ်။

သံရုံးထုတ်ပြန်စာထဲမှာ ဟားမတ်စ်စစ်အုပ်စုရဲ့ ရုတ်တရက်တိုက်ခိုက်မှုကြောင့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ပြည်ပနိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရတာ ၊ သတ်ဖြတ်ခံရတာနဲ့ ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတာတွေရှိနေလို့ အခက်အခဲရှိရင် ဆက်သွယ်နိုင်တယ်ဆိုပြီး ဖော်ပြတာပါ။

သံရုံးရဲ့ ထုတ်ပြန်စာထဲ မြန်မာနိုင်ငံကို ပြန်လိုသူတွေကို ဘယ်လိုစီစဉ်ပေးမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မပြောထားဘဲ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပါတ်အချို့ကိုဖော်ပြထားပါတယ်။ 

ဒါ့အပြင် အစ္စရေးနိုင်ငံ ကာကွယ်ရေးဌာနရဲ့ မစ်ဆိုင်းလ် အချက်ပေးသံနဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ဆိုပြီး တိုက်တွန်းထားပါတယ်။

Cathay Pacific၊ Korean Air နဲ့ Hainan လေကြောင်းလိုင်းတွေ အပါအဝင် အာရှလေကြောင်းလိုင်း အများအပြားကတော့ အစ္စရေး ရဲ့ တဲလ်အဗီးမြို့ကို ပျံသန်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

အစ္စရေးနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အဆိုပါနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အရေးတကြီး လိုအပ်ချက်မရှိလျှင် မိမိတို့နေအိမ်မှာပဲ နေထိုင်ကြဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၉ ရက်နေ့ ရက်စွဲနဲ့ အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တိုက်ပွဲအခြေအနေနဲ့ ကြုံတွေ့လာပြီဆိုရင် လုံခြုံတဲ့ နေရာမှာ နေကြရန်နဲ့ အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုအပ်လာပြီဆိုရင် ဖော်ပြပါ ဖုန်းနံပါတ်တွေကို ဆယ်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါအပြင် မြန်မာနိုင်ငံသားတွေအနေနဲ့ အစ္စရေးအစိုးရက ထုတ်ပြန်သတိပေးချက်တွေကို National Emergency Portal – Home Page မှာ ပုံမှန်စောင့်ကြည့်ဆောင်ရွက်သွားကြဖို့လည်းအသိပေးထားပါတယ်။

အခုဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခမှာ သေဆုံးသူနဲ့ပျောက်ဆုံးသူတွေအနက် အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်ကြောင်း အေပီသတင်းအရ သိရပါတယ်။

လက်ရှိမှာ အာရှနိုင်ငံများက တရုတ် ၊ ထိုင်း နဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ ဟာ ဓားစာခံဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေပြီး ထိုင်းလူမျိုး ၁၂ ယောက် သေဆုံးထားသလို ၁၁ ဦးထက်မနည်း ဓားစားခံဖမ်းဆီးခံထားရပါတယ်။ ဓားစာခံတွေထဲက တဝက်လောက် က တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး ပါလက်စတိုင်းရဲ့ ဟားမတ်စ်အဖွဲ့ ဘက်က ဝေဟင်ပစ်ရော မြေပြင်ကနေပါ ရုတ်တရက် စီးနင်းတိုက်ခိုက်ခဲ့တဲ့နောက် ဂါဇာ နဲ့ အနီးတဝိုက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတာပါ။

အစ္စရေးနှင့် ဂါဇာရှိ ပါလက်စတိုင်းတို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဟာ အရေးပေါ်အစည်းအဝေးအဖြစ် တံခါးပိတ်ဆွေးနွေးခဲ့ကြပေမဲ့ ပူးတွဲထုတ်ပြန်ချက်အတွက် လိုအပ်တဲ့ တညီတညွတ်တည်း သဘောတူညီချက် မရခဲ့ကြပါဘူး။

ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားလိုက်ပြီဆိုတဲ့ ပါလက်စတိုင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟားမာ့စ်စစ်သွေးကြွတွေဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးမြို့တွေကို စီးနင်းတိုက်ခိုက်ပြီး ရာနဲ့ချီတဲ့ဂျူးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားချိန်မှ ဒီကနေ့အထိ လူ ၁၁၀၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ဟားမာ့စ်အဖွဲ့ရဲ့ ရန်စတဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ အဖွဲ့ကို အမေရိကန်က တောင်းဆိုထားပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly