နှစ်ပေါင်း ၆၀ ကာလအတွင်း ပဲခူးမြို့ စံချိန်တင် မြစ်ရေကြီးမှုကြောင့် လူပေါင်းသောင်းချီ ရေဘေးသင့်

By Spring
10 October 2023
နှစ်ပေါင်း ၆၀ ကာလအတွင်း ပဲခူးမြို့ စံချိန်တင် မြစ်ရေကြီးမှုကြောင့် လူပေါင်းသောင်းချီ ရေဘေးသင့်

ပဲခူးမြို့မှာ နှစ် ၆၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှုကြောင့် တမြို့လုံးနီးပါး ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဆေးရုံကြီးမှာပါ ရေတွေဝင်ရောက်နေပါတယ်။

ပဲခူးတိုင်းမှာ မိုးရွာသွန်းမှုများပြီး ပဲခူးမြစ်ရေကြီးတာကြောင့် အောက်တိုဘာလ ၈ ရက်နေ့ကစလို့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ 

လက်ရှိမှာ ပဲခူးမြို့ပေါ်က ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ရေဘေးဒုက္ခသည် ၁၃,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်း ၃၀ ကျော်မှာ နေရာချပေးထားတယ်လို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကပြောပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလကတော့ အခုရွာသွန်းတဲ့မိုးက လွန်ခဲ့တဲ့ ၅၉ နှစ်အတွင်း စံချိန်တင် မိုးရေချိန်ဖြစ်ပြီး ပဲခူးမြစ်‌ရေက စိုးရိမ်ရေမှတ် ၂ ပေခွဲကျော်ကနေ ဆက်လက်တိုးလာဖို့ ရှိတဲ့အတွက် အနိမ့်ပိုင်းနေထိုင်သူတွေကို နေရာပြောင်းရွှေ့ဖို့ နှိုးဆော်ထားပါတယ်။

ဒီလထဲ စံချိန်တင်မိုးများခဲ့တဲ့ ပဲခူးတိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၈ လက်မလောက်အထိ ရှိခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ခဲ့တာပါ။

အောက်တိုဘာ ၇ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြို့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်ရောက်ခဲ့လို့ အဲ့ဒီရပ်ကွက်အတွင်း နေထိုင်သူတွေကို လူမှုကူညီရေးအသင်းတွေက ရေဘေးရှောင်စခန်းတွေကို ပို့ဆောင်ကူညီပေးခဲ့ရပါတယ်။

နှစ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် အောက်တိုဘာ ၉ ရက်အထိ မိုးရေချိန် ဆက်လက်မြင့်တက်နေပြီး ပဲခူးမြို့ အမြင့်ပိုင်းတွေမှာပါ ရေဝင်ရောက်လို့ ပဲခူးပြည်သူ့ဆေးရုံကြီးနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာပါ ရေကြီးနေပါတယ်။

အခုတကြိမ်နဲ့ဆို ပဲခူးမြို့မှာ တနှစ်အတွင်း ရေကြီးမှု ၃ ကြိမ်အထိရှိခဲ့ပြီး တမြို့လုံးနီးပါး ရေဘေးရှောင်နေရတဲ့အတွက် အကူအညီတွေ လိုအပ်နေပြီး မြို့ခံလူမှုကူညီရေးအသင်းတွေက ကူညီဆောင်ရွက်ပေးနေပါတယ်။

ပဲခူးမြစ်ရဲ့ စိုးရိမ်ရေမှတ်ဟာ ၈၈၀ စင်တင်မီတာရှိပေမယ့် အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်း တိုင်း ထွာချက်အရ ၁၀၀၄ စင်တင်မီတာ ကျော်နေပြီး စိုးရိမ်ရေမှတ်ထက် ၄ ပေကျော် မြင့်တက်နေတာ ဖြစ်ပါတယ်။

ပဲခူးမြို့ရေကြီးမှုကြောင့် ရေဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့သောက်ရေအပြင် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စက်လှေနဲ့ကူညီကယ်ဆယ်ရေးအင်အားတွေ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇူလိုင်လနှောင်းပိုင်းကစ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရခိုင်၊ ကချင်၊ ကရင်၊ မွန်နဲ့ ချင်းပြည်နယ်တွေမှာ ရေကြီးမှုတွေ ကြုံခဲ့ရတာပါ။

လက်ရှိမှာတော့ ရန်ကုန်မြို့ကနေ ပဲခူးမြို့ကိုသွားရာ လမ်းဟောင်းနဲ့ အမြန်လမ်းသစ် မိုင်တိုင် ၃၉ မှာလည်း ရေကြီးနစ်မြုပ်မှုတွေ ရှိနေတာကြောင့် ခရီးသည်တင်ကားနဲ့ ကုန်တင်ကား အနည်းဆုံး ရာနဲ့ချီ ပိတ်မိနေကြ တယ်လို့ အဲဒီလမ်းမှာ ရောက်ရှိနေသူ တစ်ဦးက ပြောပြပါတယ်။

ရေကြီးနစ်မြုပ်နေတဲ့အထဲ ရေဘေးကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ‌အထက်တန်းကျောင်းတွေ ၊ ဘုန်းကြီးကျောင်းတွေပါ ပါနေလို့ ဘေးလွတ်ရာပို့ဆောင်ဖို့မှာ နေရာတွေလည်း ပိုပြီး အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၈ ရက် ရေစတက်တဲ့နေ့ကဆိုရင် ပဲခူးမြို့ ရထားလမ်းရေကျော်လို့ မန္တလေးနဲ့ မော်လမြိုင်တို့က ရန်ကုန်ကို ထွက်ခွာတဲ့ လူစီးအမြန်ရထားနှစ်စင်း ဆက်လက်မောင်းနှင်လို့မရတဲ့အထိဖြစ်ခဲ့ပါတယ်။

ရေကြီးမှုကြောင့် ဖုန်းတာဝါတိုင်တွေပါ ရေမြုပ်ပြီး ဖုန်းလိုင်းတွေပါ ဆက်သွယ်လို့မရဘူးလို့ ပဲခူးမြို့ခံတယောက်က ပြောပါတယ်။

အောက်တိုဘာ ၉ ရက် နေ့လယ်ထုတ်ပြန်ချက်မှာတော့ လာမယ့်ရက်အတွင်း ပဲခူးတိုင်း အပါအဝင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ကြား မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် မိုးရွာသွန်းမှုလျော့နည်းလာမှုနဲ့အတူ ဆည်ရေလွှတ်မှုပမာဏများ ပြန်လည်ထိန်းချုပ်နိုင်မှုများကြောင့် အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းမှာ ရေအကျဘက်ကို ပြန်လည်ဦးတည်လာနိုင်ကြောင်း သိရပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly