တရုတ်မကြောက်ရတဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံခြားရေး မူဝါဒ

တရုတ်မကြောက်ရတဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံခြားရေး မူဝါဒ

မြန်မာ့နိုင်ငံခြားရေး မူဝါဒကို ပြန်ပြောင်းကြည့်လိုက်လျှင် ရင်နာဖွယ်များကို တွေ့ခဲ့ရသည်။ အဆိုးဆုံးမှာ စစ်အာဏာရှင်များနှင့် ၎င်းတို့၏ အဆွယ်အပွားများက တိုင်းပြည်ကို အုပ်ချုပ်ခဲ့ချိန်တွင် ဖြစ်သည်။ ညံ့ဖျင်းသော၊ မသမာသော၊ ကိုယ်ကျိုးကြည့်သော၊ သားတူညီများ ကောင်းစားရေးကိုသာ ဆောင်ရွက်သော၊ လူထုကို မျက်နှာမမူခဲ့သောခေတ်တွင် တိုင်းပြည်၏ ဂုဏ်သိက္ခာသည်လည်း ကမ္ဘာ့ အလယ်တွင် လုံးလုံး ကျဆင်းသွားခဲ့သည်။ ထိုသူတို့သည်ကား မတရား ချမ်းသာသွားခဲ့သည်။ တိုင်းပြည်ကား ဆင်းရဲမွဲတေမှုတွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းသို့ ရောက်ရှိခဲ့ပြီး၊ အာရှဒေသ၏ ဒုတိယအဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ သက်ဆင်းခဲ့သည်။

နိုင်ငံသားများမှာ လူရာမဝင် ဘဝဖြင့် စာအုပ်အနီကိုင်ပြီး နိုင်ငံရပ်ခြားသွားလျှင်ပင် အဆင့်အ တန်းမမီသော လူသားများအသွင် စစ်ဆေးမေးမြန်း၊ အနိုင်ကျင့်စော်ကားခံခဲ့ရသည်။ ယင်းမှာ အုပ်ချုပ် သူများ၏ အရည်အချင်း ပျက်ယွင်းပြီး တိုင်းပြည်အကျိုးထက် မိမိအကျိုးကို ကြည့်ခဲ့ကြသောကြောင့် ဖြစ်ပေသည်။ အဆိုးဆုံးကား ဦးသိန်းစိန် အစိုးရလက်ထက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက တရုတ် ကို ကြောက်ရပါသည်ဟုပင် နှုတ်မှ ထုတ်ဖော်ပြောကြားသည်အထိ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ မြန်မာ့ နိုင်ငံခြားရေး အဆင့်အတန်းသည် ရောက်ရှိခဲ့လေသည်။

လက်ရှိမြန်မာနိုင်ငံကို လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် လူထုသမ္မတ ဦးထင်ကျော် ဦးဆောင်သော အင်န်အယ်လ်ဒီအစိုးရက စီမံခန့်ခွဲခွင့် ရနေချိန် ဖြစ်သည်။ အင်န်အယ်လ်ဒီသည် လူထုပါတီဖြစ်ပြီး၊ အင်န်အယ်လ်ဒီအစိုးရသည် လူထုအစိုးရ ဖြစ်သည်။ ပြည်သူများသည် အင်န်အယ်လ်ဒီကို တခဲနက်ထောက်ခံပြီး မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်သောကြောင့် အင်န်အယ်လ်ဒီကို ရွေးချယ် ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ခေါင်းဆောင်များ၏ လေးစားချစ်ခင်ခြင်းကို လက်ခံရရှိပြီး၊ ကမ္ဘာ့အဆင့်အတန်းမီ နိုင်ငံ့ခေါင်းဆောင်တဦး ဖြစ်သည်။ ၎င်းသည် ၂၁ ရာစု ကမ္ဘာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြယုဂ်အဖြစ် နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြခံခဲ့ရပြီး၊ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံး ခေါင်းဆောင်များနှင့် လူပုဂ္ဂိုလ်များစာရင်းတွင်လည်း ထိပ်တန်းမှ အမြဲလိုလို ပါဝင်သူတဦး ဖြစ်သည်။ ယင်း၏ အတွေးအခေါ်များနှင့် ပြောစကားများကိုလည်း နိုင်ငံတကာ သတင်းမီဒီယာများက အမြဲလိုလို စောင့်ကြည့် ဝေဖန်စောကြောခြင်း ခံရသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သည့်အပြင် အစိုးရအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သဖြင့် အင်န်အယ်လ်ဒီ အစိုးရ သစ် သက်တမ်း တလမပြည့်မီ ကာလတွင်း မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် မြန်မာ့နိုင်ငံခြားရေး မူဝါဒကို နိုင်ငံတကာ သံတမန်များအား ယနေ့ (ဧပြီ ၂၂၊ ၂၀၁၆) တွင် တရားဝင် ရှင်းလင်းမည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၈ က ပြောကြားခဲ့သည့် မြန်မာ့နှစ်သစ်ကူး မိန့်ခွန်း တွင်လည်း ကမ္ဘာ့နိုင်ငံအားလုံးနှင့် သင့်မြတ်ချစ်ကြည်သည့် နိုင်ငံခြားရေးမူဝါဒမျိုးကို အရိပ်အမြွက် ပြောကြားခဲ့သည်။ ထို့ပြင် သူက ယခုကဲ့သို့လည်း မေးခွန်းထုတ်ခဲ့သည်။

"ကျွန်မတို့ ဘယ်လို မူဝါဒတွေအခြေခံ၊ ဘယ်လို သဘောတရားတွေနဲ့ ဆက်ပြီးတော့ ရှေ့ခရီး ကို သွားမလဲဆိုတာ စဉ်းစားရပါလိမ့်မယ်။ ကျွန်မတို့ လျှောက်ရမယ့်ခရီးဟာ ခရီးလမ်းလည်း ရှည်ပါ တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဆိုတာ ကမ္ဘာတည်သရွေ့ပါပဲ။ ခရီးကလည်း လွယ်မှာမဟုတ်ပါဘူး။ ကျွန်မတို့ များစွာသောစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါ။ အဲဒီတော့ ဒီစိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်မလဲ"။

မြန်မာ့နိုင်ငံခြားရေး မူဝါဒကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့မွန်းလွဲပိုင်းတွင် ရှင်းလင်းပြတ် သားစွာ ဟောပြောတော့မည် ဖြစ်သည်။ မရှင်းလင်းဟု ယူဆသူ နိုင်ငံတကာ သံတမန်များကလည်း ပြန်လှန်မေးခွန်းများ မေးကြပါလိမ့်မည်၊ သို့မဟုတ် ကျွန်တော်တို့ မီဒီယာသမားများက မေးမြန်းရန် တာဝန်ရှိပေသည်။ မဇ္ဈိမကမူ တခေတ်တခါက ကျင့်သုံးခဲ့သော ကမ္ဘာ့နိုင်ငံအားလုံးနှင့် အပြန်အလှန် တန်ဖိုးထားကာ လေးစားချစ်ကြည် ဆက်ဆံခဲ့သော တန်ဖိုးများအတိုင်း မည်သည့်နိုင်ငံကိုမျှ အောက်မ ကျို့ရသော အောက်တန်းနောက်တန်း မကျသော ကမ္ဘာ့အဆင့်မီ နိုင်ငံခြားရေးမူဝါဒမျိုးကို ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်လ်ဒီအစိုးရက ကျင့်သုံးလိမ့်မည်ဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly