TNLA နဲ့ SSPP တို့အကြား တိုက်ပွဲဖြစ်ပွားမှု အပါအဝင် မဟာမိတ်အကြား ပြဿနာများအား ဆွေးနွေးဖြေရှင်း

By မဇ္ဈိမ 
09 October 2023
TNLA နဲ့ SSPP တို့အကြား တိုက်ပွဲဖြစ်ပွားမှု အပါအဝင် မဟာမိတ်အကြား ပြဿနာများအား ဆွေးနွေးဖြေရှင်း

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အချင်းချင်းကြား တိုက်ပွဲတွေမဖြစ်ဖို့ သဘောတူခဲ့ကြတယ်လို့ အောက်တိုဘာ ၈ ရက် ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)  နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှု အပါအဝင် နှစ်ဖွဲ့အကြား ပြဿနာများကို နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖြေရှင်းခဲ့ကြောင်း    ပူးတွဲထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့တဲ့ နေရာကို ဖော်ပြမထားပေမယ့် အောက်တိုဘာ ၆ရက်နဲ့ ၇ရကမှာ နှစ်ဖက်ခေါင်းဆောင်တွေရဲ့  အစည်းအဝေးကို ကျင်းပခဲ့ကြောင်း အသိပေးထားပါတယ်။

မဟာမိတ်နှစ်ဖွဲ့ကြား သဘောတူထားတဲ့ အချက်တွေကိုစောင့်ထိန်းဖို့၊ တော်လှန်ရေးအမြန်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့  ကြေညာချက်မှာ ပါရှိပါတယ်။

အချင်းချင်း နားလည်မှုလွဲမှားတာကြောင့် တိုက်ပွဲပဋိပက္ခတွေ ဖြစ်ခဲ့တာသာဖြစ်ပြီး၊ အပြန်အလှန် နောက်ထပ်သင်ပုန်းချေတာတွေ မလုပ်ဖို့၊ ပြဿနာတွေရှိလာရင် အချင်းချင်းတွေ့ဆုံဆွေးနွေးရေးနဲ့သာ ဖြေရှင်းဖို့လည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

မဟာမိတ်အဖွဲ့အစည်းနှစ်ဖွဲ့အကြား သဘောတူထားသည့် နိုင်ငံရေး၊ စစ်ရေး သဘောတူညီချက်များကို အပြန်အလှန် စောင့်ထိန်းကြပြီး အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးလုပ်ငန်းများ အမြန်အောင်မြင်နိုင်ရန် အတွက် နှစ်ဖက်အဖွဲ့အစည်းအကြား အဆင့်ဆင့်သောလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစည်းအဝေး၌ သဘောတူဆုံးဖြတ်နိုင်ခဲ့သည်ဟုလည်းဖော်ပြထားပါတယ်။

ပြဿနာပေါ်ပေါက်လာပါက မဟာမိတ် အဖွဲ့အစည်းအချင်းချင်း အကောင်းဆုံး ညှိနှိုင်းတွေ့ဆုံဖြေရှင်းပြီး ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့် ဖော်ဆောင်ရန် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ရှမ်းပြည်နယ် ကွက်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသမှာ TNLA နဲ့ SSPP တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။

TNLA နဲ့ SSPP အဖွဲ့တွေဟာ UWSA “ဝ” တပ်ဖွဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုမှာ ပါဝင်ကြသလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly